31 C
Yangon

မြင်းခြံနှင့် တောင်သာမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ၄ ဦးကို ဖမ်းဆီး၊ နေအိမ် ၁၄၀ ကျော်ကို စစ်သားများက မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ၁ ဦးကို ဖမ်းဆီးထားကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် မြင်းခြံမြို့နယ်၊ ညောင်ဝန်းရွာကျေးရွာနှင့် သက္ကယ်ကျင်းကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်က သက္ကယ်ကျင်းကျေးရွာမှ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ဦး နေအိမ်အတွင်း ပိတ်လှောင်၍ မီးရှို့သတ်ဖြတ်ခဲ့ပြီး အသက် ၃၀ နှစ်အရွယ် အမျိုးသား ၁ ဦးကိုလည်း ဖမ်းဆီးပစ်သတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်းရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ပျက်စီးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ကျေးရွာအတွင်း မီးဝင်ငြိမ်းသည့် ပြည်သူ ၁ ဦးကိုလည်း စစ်တပ်က ဖမ်းဆီးထားကြောင်း သိရှိရသည်။

ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် စစ်ကြောင်းသည် သိမ်ကုန်းရွာ၊ နဘူးအိုင်ရွာနှင့် ညောင်ဝန်းရွာတို့တွင် တပ်ဖြန့်ပြီး တပ်စွဲထားကြောင်း၊ ထိုစစ်ကြောင်းသည် အနီးအနားရှိ ကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေကြောင်း သိရသည်။

“အဲ့ စစ်ခွေး စစ်ကြောင်းက ၂၅ ရက်နေ့တည်းက မြို့သာစက်မှုဇုန်ဘက်ကနေလာတဲ့ စစ်ကြောင်းပါ။ ၂၆ ရက်နေ့ နံနက်ပိုင်းမှာ ညောင်ဝန်းရွာနဲ့ သက္ကယ်ကျင်းရွာတွေကို တစ်ပြိုတည်း စစ်ကြောင်းထိုးပြီး အဲ့ ၂ ရွာက နေအိမ်တွေကို မီးဝင်ရှို့တာသွားတာ ညောင်ဝန်းရွာထဲကတော့ ရွာလုံးကျွတ်ပဲ ရှို့ပြီး ကျန်တဲ့အိမ်တွေ ပြန်လာပြီး ထပ်ရှို့သွားသေးတယ်” ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က နန်းတည်းရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၄၀ ကျော် မီးလောင်ပြာကျခဲ့ပြီး ပြည်သူ ၃ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် နန်းမြင့်တောင်မှထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နန်းမြင့်ရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးကာ ဘုရားလှရွာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း၊ ထို စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် နန်းတည်းရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ် ၁၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နန်းတည်းကို မီးရှို့တာက နေအိမ် ၁၄၀ ကျော် မီးလောင်ပြာကျတယ်။ အဲစစ်ခွေးစစ်ကြောင်းက အခုထိစစ်ကြောင်းထိုးနေတုန်းပဲ စစ်ခွေးတွေ မီးရှို့လို့ နွားတွေလည်း မီးလောင်သေဆုံးတယ်လို့ သိရတယ်။ ပြည်သူတွေ မီးလောင်သေဆုံးတာတော့ မရှိဘူးလို့တော့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

တောင်သာမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဘီးနွယ်ကုန်းရွာကို ရောက်ရှိနေပြီး မည်သည့်နေရာကို ဆက်လက် ထွက်ခွာမည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ဓာတ်ပုံ- စစ်တပ်၏ အကြမ်းဖက် မီးရှို့မှုကြောင့် မီးလောင်ကျွမ်းနေသော ကျေးရွာတချို့။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article