31 C
Yangon

ပခုက္ကူတပ်မ ၁၀၁ မှ ကပစ ၂၄ သို့ ရိက္ခာပို့စစ်ယာဉ်တန်းထွက်ခွာရန်ရှိနေ၍ လမ်းကြောင်းတလျှောက်မှ ပြည်သူများ လေကြောင်းရန်သတိထားကြရန် လိုအပ်

Must read

ရန်ကုန်၊ဖေဖော်ဝါရီ ၂၇

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှ ပေါက်မြို့နယ်၊ ကပစ ၂၄ သို့ ရိက္ခာပို့ယာဉ်တန်း ထွက်ရန် ပြင်ဆင်ထားပြီးယင်းယာဉ်တန်းလမ်းကြောင်းတလျှောက်ရှိမိဘပြည်သူများအနေဖြင့် လေ ကြောင်း ရန် သတိထားကြရန် အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာထံမှ တဆင့်တိုက်တွန်းပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပခုက္ကူမြို့အခြေစိုက်၊ တပ်မ ၁၀၁ အတွင်း၌ ပေါက်မြို့နယ် ကပစသို့ ရိက္ခာပို့ရန် စစ်ကားအစီး ၇၀ ကျော် အသင့်ပြင်ဆင်ထားကြောင်း၊ ယင်းယာဉ်တန်းသည် ပုသိမ် -မုံရွာလမ်းပိုင်းအတိုင်း ပေါက်မြို့နယ်အတွင်းသို့ ဝင်ရောက်မည်ဟု သတင်းထွက်ပေါ် လျက် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်းက ပေါက်မြို့နယ်၊ ကပစ ၂၄ သို့ သွားသည့် ပခုက္ကူ – ကံမ္မ – ရေပြာ- ပေါက်လမ်းအတိုင်း သွားရောက်သည့် ယာဉ်တန်းကို ကံမ္မ နှင့် ရေပြာကြားရှိ တပ်မတောင်ကြော တွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သားများ အထိနာပြီး ၂ လကျော်ကြာ မြင့်ခဲ့ကြောင်း သိရသည်။

“ပုံမှန်ဆိုရင် ပခုက္ကူနဲ့ပေါက်က ၁ နာရီကျော်ကျော်လောက်ဆိုရင် ရောက်တဲ့ခရီးဗျ။ အဲဒါက ပခုက္ကူ -ကမ္မ-ပေါက်ဆိုပြီး အဲလိုအတည့်သွားတဲ့လမ်းကြောင်းရှိတယ်၊ အဲဒီအတိုင်းသွားရင် မြန်တယ်၊ နာရီ ပိုင်းပဲ ကြာတာ၊ သူက အဲလိုသွားတဲ့လမ်းပိုင်းမှာကျတော့ ပခုက္ကူ -ကံမ -ရေပြာ- ပေါက်ကိုသွား တဲ့ လမ်းပိုင်းမှာကျတော့ ကမ္မနဲ့ရေပြာကြားမှာ တပ်မတောင်ဆိုတာရှိတယ်။ အဲဒီတပ်မတောင်ကြော ကို ဖြတ်ဖို့ရာကျရင် ပြီးခဲ့တဲ့သွားတဲ့ စစ်ကြောင်းတုန်းက အဲဒီတပ်မတောင်ပေါ်တင် မတက်နိုင်ပဲ ၂ လ ကျော်ကျော်လောက်ကြာနေတာ၊ အဲဒါကြောင့် အဲဒီလမ်းကြောင်းက ခရီးလမ်းတိုပေမယ့် သူတို့သွား ဖို့ခက်ခဲတဲ့လမ်းကြောင်းဖြစ်တဲ့အတွက်ကြောင့် အဲဒီလမ်းကြောင်းကို မရွေးပဲနဲ့ သူ့ထက်လွယ်တဲ့ ပု သိမ်-မုံရွာလမ်းပေါ်တက်ပြီးကာမှ အဲဒီပေါက်ကို ဝင်မယ်ဆိုတဲ့သဘောဗျ။” ဟု အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း – မြိုင်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ ပြောကြားသည်။

အဆိုပါ ပေါက်မြို့နယ်အခြေစိုက် ကပစ ၂၄ တွင် လေယာဉ်၊ လက်နက်ကြီး ဗုံးသီးများ ထုတ်လုပ် လျက်ရှိပြီး အသွားတွင် ရိက္ခာများ သယ်ယူသွားသလို ပြန်လာသည့်အခါ ထုတ်လုပ်ထားသော လက်နက်ကြီး ကျည်များ၊ လေယာဉ်ဗုံးသီးများကို ပြန်လည်ယူခဲ့ကြောင်း၊ စစ်အာဏာသိမ်းပြီးနောက် ပိုင်း ၂၀၂၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၂၅ ခုတွင်တစ်ကြိမ်သာ ယာဉ်တန်းဖြင့် သွားရောက်နိုင်ခဲ့ကြောင်း သိရသည်။

“အာဏာသိမ်းပြီး ၂၀၂၂ ခုကနေ အခု ၂၀၂၆ ခုနှစ်အထိ ပေါက်ဘက်ကို ကားတန်းနဲ့ ရိက္ခာပို့တာဆိုလို့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်တုန်းက တစ်ကြိမ်ပို့နိုင်တယ်။ အဲဒါကြောင့် အခုနောက်ထပ်တစ်ကြိမ်ပို့အုံးမယ်ဆို တဲ့သဘော။ ၂၀၂၂ ကနေ ၂၀၂၅ အထိ ၃ နှစ်လောက်ကြာမှသာ ရိက္ခာကားတန်းပို့နိုင်တာတွေ့ရ တယ်။ အခုအနေအထားအရ ၂၀၂၅ ထဲမှာလည်းသွားတယ်၊ အခု ၂၀၂၆ ခုနှစ် ထဲမှာ သွားတယ်ဆို တော့ ခပ်စိပ်စိပ်လုပ်လာတယ်လို့ ယူဆရတာပေါ့။ အဲဒီလို ကားတန်းနဲ့ ပခုက္ကူကနေ ရိက္ခာတွေသယ် သွားပြီးရင် ကပစ ၂၄ ကနေ ထုတ်တဲ့ လက်နက်ကြီး၊ လေယာဉ်ဗုံးတွေကို ပြန်သယ်လာတာ။ အသွား က ရိက္ခာယူသွားတယ်၊ အပြန်ကျရင် လေယာဉ်ဗုံး၊ လက်နက်ကြီးတွေကို ပြန်သယ်လာတယ်။” ဟု အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း -မြိုင်မှ တာဝန်ရှိသူကရှင်းပြသည်။

ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက ပေါက်မြို့နယ်၊ ကပစ ၂၄ အတွင်း ခိုလှုံနေကြသော ပျူစောထီးကျေးရွာများမှ ပြည်သူများ၊ ဝန်ထမ်းများ၊ စစ်တပ်မိသားစုဝင်များထဲမှ ဈေးဝယ်မည့် သူများကိုလည်း ရဟတ်ယာဉ်ဖြင့် ပခုက္ကူမြို့သို့ ခေါ်ဆောင်မှုရှိခဲ့ကြောင်း၊ စစ်ကြောင်းထွက်ရာ လမ်း ကြောင်းတလျှောက်ရှိ မိဘပြည်သူများအနေဖြင့် လေကြောင်းရန် သတိ ထား နေထိုင်ကြရမည် ဖြစ် ကြောင်း အသိပေးထားသည်။

“မြေပြင်အဲဒီစစ်ကြောင်းကားတန်းသွားတဲ့အချိန်မှာ ကောင်းကင်နေ လေကြောင်းတိုက်ခိုက်မှုတွေ အထူးတလည်သုံးသွားမယ်ဆိုတဲ့ သတင်းတွေလည်းရထားတာရှိတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှု တွေက အဲဒီကားလမ်းဘေးဝဲယာဖြစ်နိုင်သလို မြိုင်နယ်၊ ပေါက်နယ်ထဲက တခြားပစ်မှတ်တွေကို လည်းဖြစ်နိုင်တာပေါ့။ အဲဒါကြောင့် ပခုက္ကူ၊ မြိုင်၊ ပေါက်နယ်တွေမှာရှိတဲ့ ပြည်သူတွေအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အထူးတလည်သတိထားနေထိုင်ကြရပါ့မယ်” ဟု အညာမြေအရပ် ဖက်လူမှုအဖွဲ့အစည်း -မြိုင်မှ တာဝန်ရှိသူက ပြောဆိုသည်။

ဓာတ်ပုံ- မကွေးမှ ချင်းပြည်ဘက်သို့ တက်သွားသည့် စစ်တပ် ရိက္ခာပို့ယာဉ်တန်း။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article