31 C
Yangon

ပြည်မြို့နယ်၊ တီတွဒ်စံပြကျေးရွာမှ ကိုရဲဝင်းကို စစ်တပ်က ၂ ကြိမ် ဖမ်းဆီးပြီး စစ်မှုထမ်း တပ်သားသစ် အဖြစ်ရောင်းစားခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်ကာ PDF တပ်ဖွဲ့ထံ အလင်းဝင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ တီတွဒ်စံပြကျေးရွာမှ ကိုရဲဝင်းကို အကြမ်းဖက် စစ်တပ်က ၂ ကြိမ် ဖမ်းဆီးပြီး စစ်မှုထမ်း တပ်သားသစ် အဖြစ် ရောင်းစားခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်ကာ PDF တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၅ ခုနှစ် ဇွန်လတွင် တီတွဒ်စံပြရွာတွင် နေထိုင်သော ကိုရဲဝင်းကို ကျေးရွာ ဆယ်အိမ်မှူး တင်ငွေက လာရောက်ခေါ်ဆောင်ကာ အုပ်ချုပ်ရေးမှူး ဖိုးသူတော် အိမ်သို့ ပို့ဆောင်ခဲ့ကြောင်း၊ ထို့နောက် ရာအိမ်မှူး ထွန်းမြင့်နှင့် ဖိုးသူတော်က ကိုရဲဝင်းကို စစ်မှုထမ်းရန် မဲပေါက်သည်ဟု ပြောဆိုကာ ပြည်အမှတ် (၃) ရဲစခန်းသို့ ကားဖြင့် ခေါ်ဆောင်သွားပြီး ထိုမှတဆင့် သရက်မြို့နယ်၊ စုဆောင်းရေး (၄၄) တပ်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပို့ဆောင်ခံရပြီးနောက် သရက်မြို့နယ် စုဆောင်းရေးတပ်မှ ဟိုပုန်းတပ်မတော်နှင့် ကွန်ပျူတာနည်းပညာသိပ္ပံကျောင်းသို့ ထပ်မံပို့ဆောင်ကာ စစ်သင်တန်း ၂ လ နှင့် ၁၅ ရက် တက်ရောက်ခဲ့ပြီး ခလရ ၂၉၈ မြစ်ကြီးနားသို့ ပို့ဆောင်ခံခဲ့ရကြောင်း၊ ယင်းနောက် ၄ လအကြာတွင် ခလရ ၂၉၈ တပ်တွင်းမှ ထွက်ပြေး လွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ တပ်တွင်းမှ ထွက်ပြေး လွတ်မြောက်လာပြီးနောက် ကိုရဲဝင်းသည် ၎င်းဇာတိဖြစ်သော တီတွဒ်စံပြရွာတွင် ထပ်မံ သွားရောက် နေထိုင်ခဲ့ပြီး ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးများက အေးအေးဆေးဆေး လုပ်ကိုင်စားသောက်ရန် ပြောဆိုခဲ့ကြောင်း၊ ထို့နောက် ၂ လအကြာတွင် ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးများက ၎င်းအိမ်သို့ ထပ်မံ ရောက်ရှိလာပြီး ဒုတိယအကြိမ် စစ်မှုထမ်း တပ်သားသစ် အဖြစ် ပြန်လည် ဝင်ရောက်ရန် လာရောက် ညှိနှိုင်းခဲ့ကြောင်း သိရသည်။

ထိုသို့ လာရောက် ညှိနှိုင်းသည်ကို ကိုရဲဝင်းက လက်မခံသောကြောင့် ၅ ရက်အကြာတွင် စစ်သားနှင့် ကျေးရွာပျူစောထီးများက ကား ၂ စီးဖြင့် နေအိမ်ကို လာဝိုင်းပြီး အမှတ် (၃) ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယင်းသို့ ဖမ်းဆီးပြီးနောက် ကိုရဲဝင်းကို ပြည်မြို့၊ စစ်မှုထမ်းသစ်စုဆောင်းရေးနေရာဖြစ်သော ၉၅၉ တပ်သို့ ပို့ဆောင်ခဲ့ပြီး စစ်မှုထမ်းသစ်အဖြစ် စာရင်းပေးသွင်းရာ စစ်ပြေးဖြစ်နေသည့်အတွက် လက်မခံဘဲ ပထမ တာဝန်ထမ်းဆောင်ခဲ့သော ခလရ ၂၉၈ မြစ်ကြီးနားတပ်သို့ ဆက်သွယ်ပြီး လာရောက်ခေါ်ဆောင်ခိုင်းခဲ့ကြောင်း သိရှိရသည်။

ကိုရဲဝင်းကို စစ်တပ်က ခလရ ၂၉၈ သို့ ပြန်လည်ပို့ဆောင်ရန် ပြည်ကားကြီးကွင်းအတွင်း ခေါ်ဆောင်လာစဉ် ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပဲခူးတိုင်းအတွင်းရှိ PDF တပ်ဖွဲ့များထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူက ၂ ကြိမ် ဖမ်းခံရတာ သူ့ကို ပြည်မြို့နယ်၊ ထမ္မကောက်အုပ်စု အုပ်ချုပ်ရေးမှုး၊ ရာအိမ်မှူးနဲ့ ပြည် အမှတ် (၃) ရဲစခန်း နယ်ထိန်းတွေက သရက်မြို့ကို စစ်မှုထမ်းတပ်သားသစ်အဖြစ် ရောင်းစားတာ ပထမ အကြိမ် ဖမ်းသွားတုန်းကလည်း ထွက်ပြေးလွတ်မြောက်လာပြီး သူ့ရွာမှာ ပြန်နေတော့ စစ်ခွေးခန့် အုပ်ကြီးနဲ့ ပျူစောထီးတွေက အေးအေးဆေးဆေးနေပါလို့ ပြောပြီး နောက်တစ်ကြိမ် စစ်မှုထမ်းရမယ်ဆိုပြီး ထပ်ဖမ်းပြီး သူထွက်ပြေးလာတဲ့ ခလရ ၂၉၈ ကို ပြန်ပို့ဖို့ အလုပ်မှာ ပြည်ကားကြီးကွင်းကနေ ထွက်ပြေးလွတ်မြောက်လာပြီး PDF ထံ အလင်းဝင်လာတာပေါ့။ အခုတော့ သူ့ကို ဆက်လက် စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article