ရန်ကုန်၊ မတ် ၁
မြန်မာပြည်ဒီမိုကရေစီရရှိမှသာ အမျိုးသားညွန့်ပေါင်းအစိုးရ-NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း၏ အရိုးပြာကို ပြည်တော်ပြန်သယ်မည်ဖြစ်ကြောင်း ဒေါက်တာစိန်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်စီစီသွယ်က ပြောကြားသည်။
အမေရိကန်စံတော်ချိန် ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ မွန်းလွဲပိုင်းတွင် အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းတက္ကသိုလ် (UMD) ရှိ Memorial Chapel တွင် ကျင်းပပြုလုပ်ခဲ့သည့် ဒေါက်တာစိန်ဝင်း၏ ဈာပနအခမ်းအနားတွင် ဇနီးဒေါ်စီစီသွယ်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည့် အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီး ချုပ်ဟောင်း ဒေါက်တာစိန်ဝင်း၏ အရိုးပြာကို သိမ်းဆည်းထားကာ မြန်မာနိုင်ငံတွင် စစ်အာဏာ ရှင်စနစ်ချုပ်ငြိမ်း၍ ဒီမိုကရေစီရရှိသည့် အချိန်ကျမှသာ မိခင်နိုင်ငံသို့ ပြန်လည်သယ်ဆောင်သွားမည်ဖြစ်ကြောင်း သူက ဆိုသည်။
ဒေါ်စီစီသွယ်က “ဆရာ့ရဲ့အရိုးပြာကို သိမ်းထားပါမယ်။ မြန်မာပြည်ဟာ ဒီမိုကရေစီပြန်ရမယ်၊ စစ်အာဏာရှင်စနစ်က လွတ်မြောက်တဲ့အချိန်မှာ ကျွန်မ သူ့ရဲ့အရိုးပြာလေးကို သယ်သွားမယ်” ဟု ဆိုသည်။
အဆိုပါ ဈာပနအခမ်းအနားသို့ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ကြသည့် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ၃၀၀ ကျော် တက်ရောက်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ KNU နှင့် ABSDF အပါအဝင် နိုင်ငံရေးအင်အားစုများစွာက လွမ်းသူပန်းခွေများနှင့် ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
နာရေး အခမ်းအနားသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုယ်တိုင်တက်ရောက် စကားပြောကြားခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည့် ကိုမင်းကိုနိုင်နှင့် မနီလာသိန်းတို့ကလည်း ဗီဒီယိုမှတ်တမ်းများဖြင့် ဝမ်းနည်းစကားနှင့် ဂုဏ်ပြုစကားများ ပေးပို့ခဲ့ကြသည်။
၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဒေါက်တာစိန်ဝင်းသည် ဘဝတစ်လျှောက်လုံး ရိုးရှင်းစွာနေထိုင်ခဲ့ပြီး ပညာရပ်တစ်ခုကို ဆုံးခန်းတိုင်အောင် လုပ်ဆောင်ချင်သူဖြစ်သော်လည်း ၁၉၈၈ ခုနှစ် နောက် ပိုင်းတွင် နိုင်ငံကလိုအပ်သည့် ကြီးလေးသောတာဝန်များကို အံ့ဩဖွယ်ကောင်းလောက်အောင် ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ဂုဏ်ပြုပြောကြားခဲ့သည်။
ထို့ပြင် ဒေါက်တာစိန်ဝင်းသည် တော်လှန်ရေး၏ အရေးကြီးသော အုတ်မြစ်ဖြစ်သည့် တိုင်းရင်းသားအင်အားစုများနှင့် အမျိုးသားညီညွတ်ရေးကို အားကိုးအားထားပြုလောက်သည့် အစဉ်အလာဖြင့် စုစည်းနိုင်ခဲ့သူဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ဒေါက်တာစိန်ဝင်းသည် အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သားဖြစ်ပြီး၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူတော်စပ်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်ဝမ်းကွဲမောင်နှမ တော်စပ်သူဖြစ်သည်။
ဒေါက်တာစိန်ဝင်းသည် အမျိုးသားဒီမိုကရေစီပါတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည်။
၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက လျစ်လျူရှုခဲ့သည့်အတွက် ဒေါက်တာစိန်ဝင်းနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ် မာနယ်ပလောသို့ သွားရောက်ကာ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကို ဖွဲ့စည်းခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။
၎င်းသည် ၁၉၉၂ ခုနှစ် သမိုင်းဝင် မာနယ်ပလောစာချုပ်တွင်လည်း NCGUB ကို ကိုယ်စားပြု၍ လက် မှတ်ရေးထိုးခဲ့သူဖြစ်သည်။
ဒေါက်တာစိန်ဝင်းသည် ကွယ်လွန်ချိန်တွင် အသက် ၈၃ နှစ်ရှိပြီဖြစ်ပြီး ဇနီး ဒေါ်စီစီသွယ်၊ သမီး မေ့လပြည့်စိန်ဝင်းနှင့် သား ပြည်လရောင်စိန်ဝင်းတို့ ကျန်ရစ်ခဲ့ကြောင်း သိရသည်။




