24 C
Yangon

စစ်တပ်အတွင်း တပ်ပြေးနှင့်ရဲပြေးများ များပြားလာပြီးနောက်ပိုင်း နှစ်ချို့ စစ်သားနှင့်ရဲများကို အထူးထောက်ပံ့ကြေး အနည်းဆုံး ၃ သောင်းမှ အများဆုံး ၁ သိန်းအထိ ပေးမည်ဟုဆိုကာ ဆွဲဆောင်ပြန်

Must read

ရန်ကုန်၊ မတ် ၂

အကြမ်းဖက် စစ်တပ်လက်အောက်ခံ တပ်ပြေးနှင့်ရဲပြေးများ များပြားလာပြီးနောက်ပိုင်း နှစ်ချို့ ဝါရင့် စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်တိုင်းကို အထူးထောက်ပံ့ကြေးပေးမည်ဟု စစ်တပ်က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

မတ်လ ၁ ရက်နေ့မှစတင်၍ စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်များကို ၎င်းတို့၏ အမှုထမ်းသက်အပေါ် မူတည်၍ လစဉ် အထူးထောက်ပံ့ကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ပေးအပ်ရာတွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်အမှုထမ်းသက် ၁၀ နှစ်နှင့်အထက် စစ်သားနှင့်ရဲများကို လစဉ် ၃၀,၀၀၀ ကျပ်၊ အမှုထမ်းသက် ၁၅ နှစ်နှင့်အထက် စစ်သားနှင့်ရဲများကို လစဉ် ၅၀,၀၀၀ ကျပ်၊ အမှုထမ်းသက် ၂၀ နှစ်နှင့်အထက်စစ်သားနှင့်ရဲများကို လစဉ် ၁၀၀,၀၀၀ ကျပ် ပေးမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာသည်။

စစ်တပ်က ထိုသို့ ထောက်ပံ့ကြေးပေးခြင်းမှာ တပ်ဖွဲ့ဝင်များအနေဖြင့် ရာသီမရွေး၊ နေရာမရွေး ပင်ပန်းကြီးစွာဖြင့် သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်နေမှုကို အသိအမှတ်ပြုခြင်းဖြစ်သည်ဟု ဆိုသော် လည်း လက်တွေ့တွင်မူ စစ်တပ်အတွင်း လူအင်အားပြုန်းတီးနေမှုကို ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း တပ်အသိုင်းအ၀ိုင်းက သုံးသပ်သည်။

စစ်တပ်အတွင်း စစ်မှုထမ်းတပ်သားသစ်များကို စုဆောင်း လုပ်ဆောင်နေသော်လည်း အခြားတစ်ဖက်တွင်လည်း သန္ဓေစစ်သားနှင့်ရဲများ ထွက်ပြေးခြင်း၊လုပ်သက်ပြည့်၍ နုတ်ထွက်ခြင်း၊ ကျန်းမာရေးအကြောင်းပြ နုတ်ထွက်ခြင်းများ ရှိနေကြောင်း၊ စစ်တပ်၏ အထူးထောက်ပံ့ကြေး ပေးအပ်မည့် အစီအစဉ်မှာ မက်လုံးပေး ဆွဲဆောင်မှုအဖြစ် ဆိုနိုင်ကြောင်း တပ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။

အခြားတစ်ဖက်တွင်လည်း ကုန်စျေးနှုန်းများ ကြီးမြင့်လာခြင်းကြောင့် စစ်တပ်နှင့်ရဲတပ်ဖွဲ့အတွင်း လစာတိုးပေးရန် ပြောဆိုမှုများ ရှိနေကြောင်း၊ အသက်စွန့်၍ တာဝန်ထမ်းဆောင်သော်လည်း ရရှိသည့် လစာမှာ မလောက်မငှဖြစ်ရသည်ဆိုသော တင်ပြမှုများလည်းရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- AFP ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article