ရန်ကုန်၊ မတ် ၂
အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က) ဖြင့် ပြစ်ဒဏ်ကျခံနေသူ ၇၃၃၇ ဦးလွတ်ငြိမ်းသက်သာခွင့်ပေးပြီး တရားစွဲဆိုထားသူ ၁၂၄၈၇ ဦးကို အမှုရုပ်သိမ်းကြောင်း ယနေ့ နံနက်ပိုင်း ကြေညာချက်ထုတ်ပြန်သည်။
ယနေ့ ကျရောက်သော တောင်သူလယ်သမားနေ့အဖြစ် အကြမ်းဖက် မင်းအောင်လှိုင်က လွတ်ငြိမ်းခွင့် အမိန့် ၅ ခု ထုတ်ပြန်ခဲ့ပြီး ယင်းတို့ထဲတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က) အရ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားအကျဉ်းသူ ၇၃၃၇ ဦးကို နောက်တစ်ကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက ပြစ်ဒဏ်များကို စုပေါင်း ကျခံရမည်ဆိုသော ခံဝန်စည်းကမ်းချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြုကြောင်း ထုတ်ပြန်သည်။
ယင်းအပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ် ၅၀ (ည) နှင့် ပုဒ်မ ၅၂ (က) အရ တရားစွဲဆိုထားသူများနှင့် ထွက်ပြေးတိမ်းရှောင်နေသူ ၁၂၄၈၇ ဦးကိုလည်း အမှုပိတ်သိမ်း၍ အမှုမှ လွှတ်ရန် လွတ် ငြိမ်း ခွင့်ထုတ်ပြန်ကြောင်း ဆက်လက် ကြေညာသည်။
အကြမ်းဖက်မှုတိုက်ဖျကရေးဥပဒေ ပုဒ်မ ၅၀(ည) မှာ စစ်တပ်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခုခုထံသို့ ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းများ ပြုလုပ်ပါက တရားစွဲဆိုခံရသည့် ပုဒ်မဖြစ်ပြီး အများဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သော ပုဒ်မဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်မှုတိုက်ဖျကရေ ဥပဒေ ပုဒ်မ ၅၂(က) မှာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် အဖွဲ့အစည်းတခုခုတွင် လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ အကြမ်းဖက်ဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူ လုပ်ကိုင်ပေးသည်အခါ တရားစွဲဆိုသော ပုဒ်မဖြစ်ပြီး အနညးဆုံးထောင်ဒဏ် ၃ နှစ်မှ ထောင်ဒဏ်၇ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရှိရသည်။
ယင်းအပြင် အကြမ်းဖက်စစ်တပ်က အမှုအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားအကျဉ်းသူ ၂၈၂၅ ဦးနှင့် နိုင်ငံခြားသား ၁၀ ဦးတို့ကိုလည်း ခံဝန်ချက်များဖြင့် လွတ်ငြိမ်းခွင့်ပြုကြောင်း၊ အခြားပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားအကျဉ်းသူများကိုလည်း ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံ လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ကြေညာထားသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်လက်အောက်ခံ အကျဉ်းဦးစီးဌာနက အကျဉ်း သားတချို့ကို လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




