ရန်ကုန်၊ မတ် ၄
မြန်မာနိုင်ငံတွင် စက်သုံးဆီပြတ်လပ်စရာမရှိဘဲ စက်သုံးဆီစျေးနှုန်းများမှာမူ ကမ္ဘာ့စျေးနှုန်းနှင့်အညီ အပြောင်း အလဲဖြစ်လာမည်ဖြစ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ယနေ့ ထွက်ပြောသည်။
ယနေ့ အကြမ်းဖက် စစ်တပ်လက်အောက်ခံ မီဒီယာများမှတစ်ဆင့် အကြမ်းဖက် ဇော်မင်းထွန်းက ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။
ယမန်နေ့ စက်သုံးဆီ ချွေတာရေး ကြေညာချက် ထုတ်ပြန်လိုက်ရခြင်းမှာ စက်သုံးဆီ မရှိ၍ မဟုတ်ဘဲ ရက် ၄၀ စာ ဆီများ အရန်ဆီ အဆင်သင့်ရှိကြောင်း ၊ ၁ ရက်လျှင် မြန်မာနိုင်ငံ၏ စက်သုံးဆီ သုံးစွဲမှုမှာ ၁ ရက်လျှင် ဂါလန် ၃ ဒသမ ၂ သန်း သုံးစွဲကြောင်း ၎င်းက ဆိုသည်။
“စက်သုံးဆီကိစ္စနဲ့ပတ်သက်ပြီး ပြောကြားပါ့မယ်။ မနေ့တော့ စက်သုံးဆီ ခြိုးခြံချွေတာရေးအတွက် ပြည်သူသို့ အသိပေး ပန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါကို အဓိက ထုတ်ပြန်ရတဲ့အကြောင်းအရင်းကတော့ အရန်စက်သုံးဆီ မရှိလို့ မဟုတ်ပါဘူး။ ထပ်ပြောပါ့မယ်။ အရန်စက်သုံးဆီ မရှိလို့ ထုတ်ပြန်ခဲ့ခြင်းမဟုတ်ပါဘူး။ ရေရှည် ဖြစ်လာနိုင်မယ့် ကိစ္စတွေကို တွက်ဆပြီးတော့ ခြိုးခြံချွေတာရေးအတွက်သာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ စနစ်တကျ အသုံးပြုပြီးတော့ကျ ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ လောင်စာဆီ အခက်အခဲကို မြန်မာနိုင်ငံအနေနဲ့ စနစ်တကျ ဖြတ်သန်းနိုင်ဖို့ ရည်ရွယ်ပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်အနေနဲ့ ပြောချင်တာကတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ စက်သုံးဆီသုံးစွဲမှု တစ်ရက်ကို ဓာတ်ဆီ ၁ ဒသမ ၅ သန်း ဂါလန်ရှိပါတယ်။ ဒီဇယ်ဆီ ၁ ဒသမ ၇ သန်း ဂါလန်ခန့်ရှိပါတယ်။ စုစုပေါင်းရင်တော့ တစ်ရက်ကို ဆီဂါလန် ၃ ဒသမ ၂ သန်းခန့် သုံးစွဲနေတာဖြစ်ပါတယ်” ဟု သူက ပြောဆိုသည်။
ယင်းအပြင် စက်သုံးဆီ ဂါလန် သန်း ၁၃၀ နီးပါး အရန်ဆီ ထားရှိပြီး ရက်ပေါင်း ၄၀ စာ ရှိကြောင်း သူက ဆိုသည်။
“အခုကျနော်တို့ လက်ရှိ မြန်မာနိုင်ငံမှာ ဓာတ်ဆီ ဂါလန် သန်း ၆၀ ရှိပြီး စု့ပုံထားပြီးဖြစ်ပါတယ်။ ဒီဇယ်ဆီ ဂါလန် သန်း ၇၀ နီးပါး စုပုံထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံအတွင်းမှာ အရန်ဆီ ရက် ၄၀ စာရှိတယ်လို့ ခိုင်မာစွာ ပြောကြားလိုပါတယ်။ ဒါ့အပြင် ဆိပ်ကမ်းမှာ ယခု လက်ရှိ ဆီမချရသေးဘဲ ကပ်ထားတဲ့ သင်္ဘော ၂ စီးရောက်ရှိနေတာရှိပါတယ်။ ကျနော်တို့ ဝယ်ယူထားပြီးသား လမ်းမှာ စက်သုံးဆီ သင်္ဘော ၁၄ စီးရှိပါတယ်။ ဒီ ၁၄ စီးလကည်း ကျနော်တို့ဆီကို ရက်ပိုင်းတွေအတွင်းမှာ ဆိုက်ကပ်လာနိုင်ပါတယ်။ ဘာအခက်အခဲမှ မရှိဘူးလို့ ပြောလိုပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ရှင်းပြသည်။
စက်သုံးဆီ ပြတ်လပ်သွားရန် မရှိသော်လည်း စက်သုံးဆီစျေးနှုန်းများမှာ ကမ္ဘာ့စျေးနှုန်းနှင့်အညီ အပြောင်းအလဲများဖြစ်လာနိုင်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။
“စက်သုံးဆီနဲ့ပတ်သက်ပြီး ကျနော်တို့နိုင်ငံမှာ ပြတ်လပ်သွားစရာ အကြောင်းမရှိပါဘူး။ သို့သော် ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရ ကမ္ဘာ့စျေးနှုန်းနဲ့အညီ စက်သုံးဆီများကတော့ ကျနော်တို့ စျေးနှုန်းများသည် ကမ္ဘာ့စျေးနှုန်းနဲ့အညီ ဖြစ်လာနိုင်စရာ အကြောင်းရှိပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။
စက်သုံးဆီနှင့်ပတ်သက်၍ သက်ဆိုင်ရာ စွမ်းအင်ဝန်ကြီးဌာနက မကြာမီ ကြေညာချက်များ ထုတ်ပြန် အသိပေးမည်ဖြစ်ကြောင်း သိရှိရသည်။




