ရန်ကုန်၊ မတ် ၅
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြသည်အထိ ပဋိပက္ခများ အဆုံးသတ်မည့် အရိပ်အယောင် မရှိသေးသဖြင့် စစ်အာဏာပိုင်များ၏ ဖိနှိပ်မှုများကို ရပ်တန့်နိုင်ရေး နိုင်ငံတကာက အရေးပေါ် ဖိအားပေး ဆောင်ရွက်ကြရန် ကုလသဂ္ဂလက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Ilze Brands Kehris က တောင်းဆိုတိုက်တွန်းသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်သော ၅၈ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ၎င်းက တင်ပြခဲ့ခြင်း ဖြစ်သည်။
စစ်အာဏာပိုင်များ၏ ဖိနှိပ်မှုများ အဆုံးသတ်ရေး၊ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးနှင့် တည် တံ့သော ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးတို့အတွက် နိုင်ငံတကာ၏ ထိရောက်သော လုပ်ဆောင်ချက်များ လိုအပ်နေကြောင်း ၎င်းက အလေးပေး ပြောကြားသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစ၍ လက်ရှိအချိန်အထိ အရပ်သား ၇,၇၀၀ ကျော် အသတ်ခံခဲ့ရကြောင်း ၊ အဆိုပါ သေဆုံးသူများထဲတွင် အမျိုးသမီး ၁,၆၅၀ ကျော်နှင့် ကလေးသူငယ် ၁,၀၀၀ ကျော် ပါဝင်နေပြီး အမှန်တကယ် သေဆုံးသူအရေအတွက်မှာ ယခုထက် အများကြီး ပိုမိုများပြားနိုင်ကြောင်းသူက ပြောဆိုသည်။
ထို့အပြင် စစ်အုပ်စုက ၎င်းတို့အား ဆန့်ကျင်သူ ၃၀,၀၀၀ ခန့်ကို ဖမ်းဆီးခဲ့ရာ ထင်ရှားသည့် အတိုက်အခံ ခေါင်း ဆောင်များ အပါအဝင် ၂၃,၀၀၀ နီးပါးမှာ ယနေ့အထိ ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း စစ်တပ် ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား အနည်းဆုံး ၉၈၂ ဦး သေဆုံးခဲ့ပြီး ယင်းသည် ယခင်နှစ်များထက် ၅၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ အထူးသဖြင့် ၂၀၂၅ ခုနှစ်အတွင်း ကလေးသူငယ် ၂၈၇ ဦး အသတ်ခံခဲ့ရသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း ကလေးသူငယ်များအတွက် အသေအပျောက် အများဆုံးနှစ် ဖြစ်ခဲ့ကြောင်း သူက ရှင်းပြသည်။
ရခိုင်ပြည်နယ်တွင်လည်း အကြမ်းဖက်မှုများ၊ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာရမှုများ၊ ပြင်းထန်သော စားနပ် ရိက္ခာ မလုံလောက်မှုများနှင့် အဓမ္မစစ်သားစုဆောင်းမှုများ ဆက်လက် ဖြစ်ပွားနေကြောင်း ၂၀၂၅ ခုနှစ်အတွင်း ရခိုင်ပြည်နယ်ရှိ နေအိမ်များ၊ ဆေးဘက်ဆိုင်ရာ အဆောက်အအုံများနှင့် စစ်ဘေးရှောင်စခန်းများကို လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် လူပေါင်း ၁၉၀ ကျော် သေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုးရွားဆုံး ဖြစ်စဉ်တစ်ခုအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် (အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့) တွင် မြောက်ဦး မြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီးအား စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် ဆရာဝန်များ၊ သူနာပြုများနှင့် လူနာများ အပါအဝင် အနည်းဆုံး ၃၃ ဦး သေဆုံးကာ ၇၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်း၏လုပ်ရပ်သည် ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံတစ်ခုကို ရည်ရွယ် ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ပြီး နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂလက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Ilze Brands Kehris က ပြင်းထန်စွာ ဝေဖန်ပြောဆိုသွားသည်။




