31 C
Yangon

စစ်တပ်အတွက် အရန်ဆီများ ပေးပို့ရန် စက်သုံးဆီတင်သွင်းနေသည့် ကုမ္ပဏီများထံမှ စစ်ကော်မရှင်က တောင်းခံ

Must read

ရန်ကုန်၊ မတ် ၆

အကြမ်းဖက်စစ်တပ်အတွက် အရန်ဆီများ ပေးပို့ရန် စက်သုံးဆီတင်သွင်းနေသည့် ကုမ္ပဏီများထံမှ စစ်ကော် မရှင် က တောင်းခံနေကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းထံမှ စုံစမ်းသိရှိရသည်။

အကြမ်းဖက်စစ်တပ်လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များထံသို့ ပုံမှန်အားဖြင့် BOC ကုမ္ပဏီ၊ Brighter Energy Retail နှင့် Brighter Energy ကုမ္ပဏီ အပါအဝင် ဆီတင်သွင်းနေသော ကုမ္ပဏီကြီးများက ဆီတင်သင်္ဘောများ ဆိုက်ကပ်သည့်အခါတိုင်း စက်သုံးဆီများ ပေးပို့ရကြောင်း၊ ယခုအခါ စစ်တပ် တပ်ရင်းတပ်ဖွဲ့များထံသို့ ပေးပို့နေသည့် ပုံမှန် စက်သုံးဆီများအပြင် အရန်ထားရှိရန်အတွက် ဆီများ ပေးပို့ခိုင်းနေကြောင်း သိရှိရသည်။

“စစ်တပ်တပ်ရင်းတပ်ဖွဲ့တွေကို ဆီတင်သင်္ဘောတွေ ကပ်တိုင်း ဆီပို့ပေးရတဲ့ကုမ္ပဏီတွေရှိတယ်။ ဥပမာ-BOC ၊Brighter Energy Retail နှင့် Brighter Energy ၊ Max ၊ ရွှေဗျိုင်းဖြူပေါ့။ အခြားဆီတင်သွင်းတဲ့ကုမ္ပဏီတွေအားလုံးလည်း တပ်ရင်းတပ်ဖွဲ့တွေဆီကို ဆီသွင်းပေးရတယ်။ အခုကတော့ တပ်တွေဆီကို ပို့နေတဲ့ ပုံမှန် ဆီအပြင် နောက်ထပ် အရန်ဆီ ၂ ပတ်စာအတွက်ပါ ဆီတွေ ထပ်ပြီး သွင်းခိုင်းတယ်” ဟု မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ ဆီကုန်သည်တစ်ဦးက ရှင်းပြသည်။

လက်ရှိတွင် စစ်တပ်က ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင် ဆီတန်းစီနေသော ကားများ မရှိစေရေးနှင့် ဆီများ လုံလောက်စွာ ရောင်းချပေးရန် အတင်းအကျပ် လုပ်ဆောင်လျက်ရှိကြောင်း၊ သို့ရာတွင် နယ်မြို့များနှင့် တစ်ပိုင်တစ်နိုင် ဆီဆိုင်များကိုမူ ဆီများ လုံလောက်စွာ ချထားပေးခြင်းမရှိကြောင်း တစ်ပိုင်တစ်နိုင် ဆီဆိုင်ပိုင်ရှင်တစ်ဦးက ရှင်းပြသည်။

“ဆီဆိုင်တွေကို အခု တပ်ကရော စွမ်းအင်ဘက်ရော၊ ထွေ/အုပ်ကပါ ဖိအားပေးနေတယ်။ အဖွဲ့စုံ ပတ်ချောင်းပီး ဂွင်ရှာနေတယ်။ သီလဝါ Jetty တွေမှာ အင်ပိုတာတွေ ဆီမထုတ်ပေးဘဲ အချိန်ဆွဲကြတယ်။ နောက်တစ်ခုက ဆီဆိုင်တွေက မတ်လ ၇ ရက်နေ့ကစပြီး စုံ/ မကားတွေကို ခွဲပြီး ဆီရောင်းခိုင်းတယ်။ မလိုက်နာရင် ဆီထုတ်ပေးတာ ရပ်မယ်၊ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ Real Time သမားတွေကို မဖိဘဲ Normal Po တွေကို အပေါ်က ဖိနေပါတယ်။ Real Time တပ်ထားတဲ့ ဆိုင်တွေက Normal Po သမားထက် ဆီ ၁၀ ဆ ပိုရတယ်။ Normal Po သမားတွေက ၁ ပတ်စာမှ လီတာ ၃၀၀၀ လောက်ရတာ။Real Time သမားတွေက လက်လီရောင်းတာမှာ ခွဲတမ်းရသလောက် သူတို့ မရောင်းပါဘူး။နောက်တစ်ခါ ထွေ/အုပ်ကတစ်မျိုး၊ PPRD က တစ်မျိုး။ ဆီဆိုင်ငယ်တွေအရမ်း ဒုက္ခရောက်ရတယ်” ဟု တစ်ပိုင်တစ်နိုင်ဆီပိုင်ရှင်က ပြောဆိုသည်။

ယနေ့ မတ်လ ၆ ရက်နေ့ စစ်တပ်လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက စက်သုံးဆီစျေးနှုန်းများကို မြှင့်လိုက်ပြီး ရန်ကုန်မြို့တွင် 92 ဓာတ်ဆီ ၁ လီတာလျှင် ငွေကျပ် ၂၅၂၅ ကျပ်ဖြင့် ယခင်စျေးနှုန်းထက် ၁၁၀ ကျပ် မြင့်တက်သွားကြောင်း၊ 95 ဓာတ်ဆီ ၁ လီတာလျှင် ငွေကျပ် ၂၅၉၅ ကျပ်ဖြင့် ယခင်စျေးနှုန်းထက် ၁၁၅ ကျပ်၊ ဒီဇယ်ဆီ HSD ၁ လီတာလျှင် ငွေကျပ် ၂၆၁၀ ကျပ်ဖြင့် ယခင်စျေးနှုန်းထက် ၄၅ ကျပ် ၊ ဒီဇယ်ဆီ PD ၁ လီတာလျှင် ၂၉၀၅ ကျပ်ဖြင့် ယခင်စျေးနှုန်းထက် ၆၀ ကျပ်မြင့်တက်သွားကြောင်း သိရှိရသည်။

“ဒီနေ့တော့ ရန်ကုန်မှာ ဒီနေ့ ဆီတန်းစီတာသိပ်မရှိတော့ဘူး။ ဆီအကုန်လည်းရတယ်။ ကားတန်းလည်း သိပ်မရှိတော့ဘူး။ ဆီစျေးတော့ တက်သွားတယ်” ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ရှင်းပြသည်။

လက်ရှိ နယ်မြို့များအားလုံးတွင် စက်သုံးဆီ အရေးမှာ မပြေလည်သေးဘဲ ဆီမရှိခြင်း၊ ဆီဆိုင်များ ပိတ်သိမ်းထားခြင်းများ ဆက်လက်ကြုံတွေ့နေရကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းကမူ စက်သုံးဆီ ပြတ်လပ်စရာ အကြောင်းမရှိဘဲ ရက်ပေါင်း ၄၀ စာအတွက် အရ န်ဆီ ဂါလန် သန်း ၁၃၀ နီးပါး အဆင်သင့်ရှိနေကြောင်း၊ မြန်မာနိုင်ငံ၌ တစ်ရက်လျှင် ဓာတ်ဆီ ၁ ဒသမ ၅ သန်းဂါလန်နှင့် ဒီဇယ်ဆီ ၁ ဒသမ ၇ သန်းဂါလန်၊ စုစုပေါင်း ၃ ဒသမ ၂ သန်းဂါလန်ခန့် သုံးစွဲလျက်ရှိကြောင်း၊ လက်ရှိတွင် ဓာတ်ဆီဂါလန် သန်း ၆၀ နှင့် ဒီဇယ်ဆီဂါလန် သန်း ၇၀ ခန့် စုပုံထားရှိပြီးဖြစ်သဖြင့် အရန်ဆီ ရက် ၄၀ စာ ရှိနေကြောင်း၊ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သင်္ဘော ၂ စီးနှင့် လမ်းခရီးတွင် ရောက်ရှိလာမည့် သင်္ဘော ၁၄ စီးရှိသဖြင့် အခက်အခဲ မရှိနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က စက်သုံးဆီများကို လိုက်လံ စစ်ဆေးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article