30 C
Yangon

ဖားကန့်တွင် တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်နေ၊ ကော့ကရိတ် ဒေါနတောင်ဘက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်တွင် အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်များ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် မရှီကထောင်ရပ်ကွက်အတွင်း ကျန်ရှိနေသော ပြည်သူ တချို့သည်လည်း ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။

“ဖားကန့်မှာ တိုက်ပွဲက နေ့တိုင်းကို ဖြစ်နေတာ နောက်ပြီး စစ်ခွေးတွေကလည်း လက်နက်ကြီးတွေနဲ့ကို ဆက်တိုက် ပစ်ခတ်နေတယ်။ မရှီကထောင် ရပ်ကွက်ဘက်မှာပဲ ဖြစ်နေတာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ အစုံပဲကြားနေရတာ မရှီကထောင်ဘက်မှာ ကျန်နေတဲ့ စစ်ရှောင်တွေလည်း ပြေးနေရပြီ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၃ ရက်နေ့မှ စတင်ပြီး ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်တွင် အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ မတ်လ ၄ ရက်နေ့တွင်လည်း ဖားကန့်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ ဖားကန့်ဗျူဟာကုန်းက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် မရှီကထောင်ရပ်ကွင် ကလပ်ကုန်းအနီးကို ကျည်ကျရောက် ပေါက်ကွဲကာ အသက် ၇၀ အရွယ် အဘွားအို ဒေါ်ဂျာဖာလု နှင့် အမည်မသိ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ဒေါနတောင်ဘက်တွင်လည်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ရန်အတွက် ကော့ကရိတ်မြို့နယ် မြောက်ခြမ်း ဒေါနတောင်ဘက်ရှိ အောက်ဘိုတဲအနီးကို လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကျဲပြီး မတ်လ ၁ ရက်နေ့မှ စတင်၍ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ယနေ့ မတ်လ ၆ ရက်နေ့ထိ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး စစ်တပ် စစ်ကြောင်းက ရှေ့ဆက်တိုးနိုင်ခြင်းမရှိသောကြောင့် ယနေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် ဒေါနတောင်ဘက်ကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ကော့ကရိတ်မြောက်ပိုင်း၊ ဒေါနတောင်ဘက်မှာတော့ တိုက်ပွဲကတော့ နေ့စဉ် ဖြစ်နေတုန်းပဲ စစ်ကြောင်းက အထိနာလဲ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဗုံးကျဲပြီး ရှေ့ဆက်တိုးနေတုန်းပဲ ဒီနေ့လည်း လေယာဉ်နဲ့ ထပ်ကျဲသွားတယ်။ သူတို့ စစ်ခွေး အင်အားတွေ ထပ်ဖြည့်ပြီး ထပ်ထိုးအုန်းမယ်လို့ ထင်တယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလပိုင်းမှစ၍ မြဝတီ-ကော့ကရိတ် ဒေါနတောင်ပေါ်လမ်းဟောင်းနှင့် ကော့က ရိတ်မြောက်ပိုင်းရှိ ကျေးရွာများကို ထိန်းချုပ်နိုင်ရေးအတွက် DKBA ဗိုလ်ဘိအဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး အကြိမ်ကြိမ် တပ်ပျက်နေသော်လည်း စစ်မှုထမ်း တပ်သားသစ် အများအပြားကို အသုံးပြုကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article