28 C
Yangon

ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်ဝင်းများ၏ နေ့စဉ် လည်ပတ်အလုပ်လုပ်နေပုံကို အမေရိကန် FBI နှင့်ထိုင်းအာဏာပိုင်များက အသေးစိတ်လေ့လာ၊ KNU နှင့်ချိတ်ဆက်မှုမရှိသေး

Must read

ရန်ကုန်၊ မတ် ၇

ထိုင်း-မြန်မာနယ်စပ်တွင် အမေရိကန် FBI ကမြန်မာဘက်အခြမ်းရှိ ကျားဖြန့်ဝင်းများ၊ အကာအကွယ်ပေးနေသည့် လက်နက် ကိုင်တပ်ဖွဲ့များနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းမှုများ၊ လေ့လာမှုများ အသေးစိတ်လုပ်ဆောင်နေကြောင်း ထိုင်း-မြန်မာနယ်စပ်သတင်းရင်းမြစ်က ပြောဆိုသည်။

“ကျနော်တို့သိသလောက် FBI ရော ထိုင်းရော မြန်မာဘက်အခြမ်းမှာရှိတဲ့ ကျားဖြန့်တွေ လည်ပတ်နေပုံကိုသေချာ အသေးစိတ် လေ့လာနေကြတယ်ဆိုတာ သိရတယ်။ နှစ်နိုင်နိုင်ငံနယ်စပ်၊ ထိုင်းဘက်အခြမ်းမှာ အခြေပြုပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရတယ်” ဟု ထိုင်း-မြန်မာနယ်စပ်သတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလော ထိုင်း-မြန်မာနယ်စပ် အပါအဝင် အရှေ့တောင် အာရှတစ်ခွင်တွင် အမေရိကန် FBIနှင့်ထိုင်းအာဏာပိုင်များ ပူးပေါင်း၍ ကျားဖြန့်နှိမ်နင်းရေး ဆောင်ရွက်နေသော် လည်း ကရင်အမျိုး သားအစည်းအရုံး- KNUနှင့် ချိတ်ဆက်မှု မရှိသေးကြောင်း KNU ပြောခွင့်ရ ပုဂ္ဂိုလ် ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ကျနော်တို့နဲ့တော့ ဘာမှ ချိတ်ဆက်လာမှုတွေ မကြားရလို့ (ပူးပေါင်းမှု) မရှိဘူးလို့ ပြောရတော့မှာပါ” ဟု KNU ပြောခွင့်ရ ပုဂ္ဂိုလ် ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၃ ရက်နေ့တွင် အမေရိကန် FBI က အရှေ့တောင်အာရှတစ်ခွင်တွင် အမြစ်တွယ်နေသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များကို အမြစ်ပြတ်ချေမှုန်းရန် အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) နှင့် ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး သတင်းထုတ်ပြန်ချက်တွင် မြန်မာဘက်အခြမ်းရှိ ကျားဖြန့် အဆောက်အအုံများကို FBI က ကြည့်ရှုစစ်ဆေးနေသည့် ဓာတ်ပုံကိုပါ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ဘန်ကောက်မြို့အခြေစိုက် အမေရိကန် FBI ၏ တရားဝင်ကိုယ်စားလှယ်ရုံး (Legat Bangkok) က ထိုင်းနိုင်ငံရဲတပ်ဖွဲ့အပြင် ဒေသတွင်းရှိ အခြားသော မဟာမိတ်အဖွဲ့အစည်းများနှင့် လက်တွဲကာ “Scam Compounds” ဟု ခေါ်ဆိုသည့် အွန်လိုင်းကျားဖြန့်ငွေလိမ်ဂိုဏ်း အခြေစိုက်စခန်းများကို တိုက်ဖျက်ရန် အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

FBI ၏ အဆိုအရ အဆိုပါ ငွေလိမ်ဂိုဏ်းများကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေရပြီး၊ သားကောင်ဖြစ်ရသူ ပေါင်းများစွာသည်လည်း ဆိုးရွားစွာ ထိခိုက်နစ်နာနေရကြောင်း သိရသည်။

အထူးသဖြင့် အမေရိကန်ပြည်သူများကို အကာအကွယ်ပေးနိုင်ရန်အတွက် FBI သည် နိုင်ငံရပ်ခြားရှိ ထိပ်တန်းရဲတပ်ဖွဲ့များ၊ ထောက်လှမ်းရေးများနှင့် ခိုင်မာသော ဆက်ဆံရေး တည်ဆောက်ကာ ယခုကဲ့သို့ စစ်ဆင်ရေးများကို လုပ်ဆောင်လာခြင်း ဖြစ်သည်။

ယခုစစ်ဆင်ရေး၏ အသေးစိတ် အချက်အလက်များကိုမူ လုံခြုံရေးအရ FBI ဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသော် လည်း ဒေသတွင်းရှိ နယ်စပ်ဖြတ်ကျော် Transnational Fraud Networks (နယ်စပ်ဖြတ်ကျော် ငွေလိမ်ကွန်ရက်များ) ကို အရေး ယူနိုင်ရန် နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုများကို အမြင့်ဆုံးအဆင့်ဖြင့် လုပ်ဆောင်နေကြောင်း ထိုင်းသတင်းဌာနတချို့ က ရေးသားဖော်ပြခဲ့သည်။

FBI ကိုယ်တိုင် မြန်မာနယ်စပ်ရှိ ကျားဖြန့်ဝင်းများကို လာရောက် စစ်ဆေးသည့် ဓာတ်ပုံကို တရားဝင်ထုတ်ပြန်လာခြင်းသည် အရှေ့တောင်အာရှရှိ ကျားဖြန့် ငွေလိမ်ဂိုဏ်းများအတွက် ပြင်းထန်သော သတိပေးချက်တစ်ခုဖြစ်နိုင်ကြောင်း ထိုင်း-မြန်မာနယ်စပ်မှ ကရင်စစ်ရေးသတင်းရင်းမြစ်ကသုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article