ရန်ကုန်၊ မတ် ၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်မှာ လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးတွေ ပြီးသွားတာနဲ့ ကျူးဘားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကိုပါ “ဖြေရှင်း” သွားချင်တယ်လို့ အိမ်ဖြူတော်မှာ ပြောကြားလိုက်ပါတယ်။
သမ္မတ ထရမ့်က “ကျူးဘားမှာ ဖြစ်ပျက်နေတာတွေက အံ့ဩစရာပဲ၊ ကျွန်တော်တို့က ဒီဘက် (အီရန်) ကို အရင်ဆုံး အပြတ်ရှင်းချင်တာပါ၊ အချိန်တန်ရင်တော့ ခင်ဗျားတို့ အပါအဝင် လူအများကြီး ကျူးဘားကို ပြန်သွားကြရလိမ့်မယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် သူက အီရန်ရဲ့ ခေါင်းဆောင်အသစ်ကို ရွေးချယ်ပေးပြီးတာနဲ့ ကျူးဘားမှာလည်း အစိုးရအပြောင်းအလဲ (Regime Change) ဖြစ်အောင် ကူညီပေးသွားမယ်လို့ Politico သတင်းဌာနကို ပြောခဲ့ပြီး “ကျူးဘားလည်း ပြုတ်ကျတော့မှာပါ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
လက်ရှိမှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် ပူးပေါင်းတိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့စွမ်းအင် ထောက်ပံ့မှုတွေ ပြတ်တောက်နေပြီး စတော့ဈေးကွက်တွေလည်း ရိုက်ခတ်မှု ပြင်းထန်နေပါတယ်။
အီရန်စစ်ပွဲကြောင့် ရေနံဈေးနှုန်းတွေ ထိုးတက်သွားပြီး WTI ရေနံစိမ်းဈေးဟာ ၂၀၂၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်ကို ၈၀ ဒေါ်လာအထက် ရောက်ရှိသွားခဲ့ပါတယ်။
ကျူးဘားနိုင်ငံရဲ့ စီးပွားရေးဟာလည်း အတော်လေး ရုန်းကန်နေရပါတယ်။ အထူးသဖြင့် အမေရိကန်က ကျူးဘားရဲ့ အဓိက ရေနံရောင်းဝယ်ဖက်ဖြစ်တဲ့ ဗင်နီဇွဲလားသမ္မတကို ဖမ်းဆီးပြီး ရေနံတင်ပို့မှုတွေကို ပိတ်ဆို့လိုက်တဲ့အတွက် ကျူးဘားမှာ လောင်စာဆီ ပြတ်လပ်မှုတွေ ပိုပြီး ဆိုးရွားလာနေတာပါ။
“ကျွန်တော်တို့ ဗင်နီဇွဲလားကနေလာတဲ့ ရေနံတွေ၊ ငွေကြေးတွေနဲ့ အရာအားလုံးကို ဖြတ်တောက်လိုက်ပြီ၊ အခုတော့ သူတို့ (ကျူးဘား) က အပေးအယူလုပ်ချင်နေကြပြီ” လို့ သမ္မတ ထရမ့်က ပြောကြားခဲ့ပါတယ်။
တစ်ဖက်မှာလည်း အမေရိကန် စတော့ဈေးကွက်မှာ Dow Jones အညွှန်းကိန်းဟာ အမှတ် ၈၀၀ နီးပါး ထိုးကျသွားခဲ့ပြီး ရင်းနှီးမြှုပ်နှံသူတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။




