ရန်ကုန်၊ မတ် ၉
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်တိုက် ခိုက် မှုကြောင့် ပြည်သူ ၃၀ ဦးသေဆုံးပြီး ၁၆၀ ခန့် အဖမ်းခံထားရဟု KNU ဗဟိုက ယနေ့ ကြေညာအသိပေးသည်။
မတ်လ ၅ ရက်နေ့ KNU အုပ်ချုပ်မှုနယ်မြေ ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စစ် ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်၏ ခမရ ၂၀၊ ခလရ ၂၆၄၊ ခမရ ၄၃၉ ပူး ပေါင်း စစ်ကြောင်းက ရေးတွင်းကုန်း ကျေးရွာအုပ်စု အတွင်းရှိ အပြစ်မဲ့အရပ်သားပြည်သူ ၁၆၀ ဦး ခန့်ကိုအကြောင်း မဲ့ဖမ်းဆီးခဲ့ကြောင်း၊ မတ်လ ၇ ရက်နေ့ စစ်တပ်နှင့် KNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ဒရုန်းနှင့်လေယာဉ်များ ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်း ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်တပ်က ဖမ်းဆီးထားသော ပြည်သူ ၂၅ ဦး ခန့် ထိခိုက်သေဆုံးခဲ့ရပြီး အခြား ပြည်သူ ၅ ဦးမှာ စစ်တပ်၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရကြောင်း သိရှိရသည်။
စစ်တပ်က အာဏာတည်မြဲရေးအတွက် အာဏာမသိမ်းခင်ကာလများကတည်းကပင် ယခုကဲ့သို့ အရပ် သားပြည်သူလူထုများကို ပစ်မှတ်ထားတိုက်ခိုက်မှုများကို မြန်မာနိုင်ငံအနှံ့ကျူးလွန်ခဲ့ပြီး ယခုကာလများမှသာ ၎င်းတို၏ လုပ်ရပ်များကို ပြည်သူလူထုများအနေဖြင့် ပွင့်လင်းမြင်သာစွာ သိမြင်ရခြင်းဖြစ်ကြောင်း KNU က ပြောဆိုသည်။
စစ်တပ်က နိုင်ငံရေးထွက်ပေါက်အဖြစ် အတုအယောင်ရွေးကောက်ပွဲကို ဦးဆောင်ကျင်းပခဲ့ပြီး ထိုကာလများအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့ရုံသာမက ရွေးကောက်ပွဲ နောက်ပိုင်းကာလများတွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများအား ပိုမိုကျူးလွန်လျက်ရှိကြောင်း KNU က ထောက်ပြသည်။
KNU အနေဖြင့် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်တိုက်ခိုက်မှုကြောင့် ထိခိုက်မှုနှင့်သေဆုံးမှုစာရင်းများကို ဆက်လက်စီစစ်အတည်ပြုနေဆဲဖြစ်ပြီး အချိန်နှင့် တပြေးညီထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။






