ရန်ကုန်၊ မတ် ၁၁
အကြမ်းဖက် စစ်တပ်က စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ရန်များရှိနိုင်သော်လည်း လာမည့်လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုပြန်သည်။
ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ စစ်အာဏာသိမ်းကာလ အခြေ အနေများ ပြန်လည်သုံးသပ်ပွဲတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
အခြေခံဥပဒေများနှင့်ပတ်သက်၍ ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီး၌လည်း ပြင်ဆင်နေကြသည့် အခြေအနေများရှိနေကြကြောင်း၊ လက်ရှိအခြေခံဥပဒေသည် ၁၉၉၁ ခုနှစ် အမျိုးသားညီလာခံမှ စတင်အခြေပြုရေးဆွဲခဲ့ခြင်းဖြစ်၍ ယခုခေတ်စနစ်နှင့်အညီ ပြုပြင်ရန်များရှိနိုင်ကြောင်း၊ အခြေခံဥပဒေသည် ခိုင်မာမှုရှိပါက ပိုမိုကောင်းမွန်သဖြင့် ဥပဒေရေးဆွဲရာတွင် အရှည်မျှော်တွေးပြီး ဘက်ပေါင်းစုံမှ စဉ်းစားရေးဆွဲရန်လိုကြောင်း၊ အခြားအဓိကကျသည့် ဥပဒေများရေးဆွဲရာတွင်လည်း ၎င်းအချက်သည် အရေးပါကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။
ထိုကဲ့သို့ ဆွေးနွေးသည့်နေရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပြင်ဆင်ရေးကိစ္စရပ်များ၊ ဒေသနှင့်တိုင်းပြည်အတွက် အမှန်တ ကယ်လိုအပ်သော ဖြစ်သင့်ဖြစ်ထိုက်သည့်အချက်များကို အကျေအလည်ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ ဆွေးနွေးနိုင်ခဲ့သည့်အချက်များကို လာမည့်လွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်ပြီး လွှတ် တော်၏ ဆုံးဖြတ်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောသည်။
လက်ရှိ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မဖြစ်မနေတိုးတက်မှုရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအကျိုးကိုရှေးရှု၍ ဖြစ်ချင်သည်ထက်ဖြစ်သင့်သည်ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စစ်တပ်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိပြီး ငြိမ်းချမ်းရေးကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက်လည်း ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း၊ NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ၈၉ ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်းမပြုရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ၂၅ ကြိမ်၊ နိုင်ငံရေးပါတီများနှင့် ၂၂ ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် ၁၃ ကြိမ်၊ စုစုပေါင်း ၁၄၉ ကြိမ် တွေ့ဆုံညှိနှိုင်းဆွေးနွေးနိုင်ခဲ့ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်က လာမည့် မတ်လတွင် လွှတ်တော်ခေါ်ယူပြီး ဧပြီလတွင် ထွက်ပေါ်လာမည့်အစိုးရသစ်ထံသို့ အာဏာလွှဲပြောင်းပေးနိုင်တော့မည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။




