ရန်ကုန်၊ မတ် ၁၁
တောင်ကိုရီးယားနိုင်ငံသားများကို ပစ်မှတ်ထားလိမ်လည်နေသော မြန်မာနိုင်ငံအခြေစိုက် ကျားဖြန့်အချစ်လိမ်လည်(Romance Scam) ဂိုဏ်းဝင်များကို တောင်ကိုရီးယားအစိုးရက ဖမ်းဆီးလိုက်ကြောင်း ကိုရီးယားမှ လာသော သတင်းများအရ သိရှိရသည်။
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း ကျားဖြန့် ရာဇဝတ်ဂိုဏ်းများအခြေစိုက်ရာ အ ဆောက် အအုံတစ်ခုတွင် တရုတ်လူမျိုးခေါင်းဆောင်၏ ညွှန်ကြားမှုဖြင့် တောင်ကိုရီးယားနိုင်ငံသားများကို ပစ်မှတ်ထားကာ အွန်လိုင်းမှတစ်ဆင့် ချစ်ကြိုက်သယောင်လုပ်ဆောင်ကာ ငွေကြေးများ လိမ်လည်နေသော ဂိုဏ်းဝင်များကို ဖော်ထုတ်ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ ၊ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် “ဝမ်ဂူဝင်း” (Wongu Complex) တွင် အခြေစိုက်လှုပ်ရှားနေသည့် အဆိုပါဂိုဏ်းမှ မန်နေဂျာများ၊ လူစုဆောင်းသူများနှင့် အကြံပေးများအပါအဝင် စုစုပေါင်း ၉ ဦးကို အမှုဖွင့် အရေးယူထားကြောင်း ယနေ့ (၁၁ ရက်နေ့) တွင် ကိုရီးယားအာဏာပိုင်များက သတင်းထုတ်ပြန်သည်။
အမှုဖွင့်ထားသူ ၉ ဦးအနက်မှ ၅ ဦးကို ဖမ်းဆီးတရားစွဲဆိုထားပြီး ၁ ဦးမှာ ဝရမ်းထုတ်ကာ လိုက်လံဖမ်းဆီးနေဆဲဖြစ်ပြီး ကျန် ၃ ဦးကိုမူ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ တရားစွဲဆိုထားကြောင်း သိရှိရသည်။
၎င်းတို့အဖွဲ့သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ ယမန်နှစ် ဇန်နဝါရီလအထိ “ဝမ်ဂူဥက္ကဋ္ဌ” ဟု လူသိများသည့် တရုတ်လူမျိုး ခေါင်းဆောင်တစ်ဦး၏ လက်အောက်တွင် ရာဇဝတ်ဂိုဏ်းဖွဲ့ကာ ကျားဖြန့် လိမ်လည်မှုများ လုပ်ဆောင်ခဲ့ကြသည်ဟု သိရှိရသည်။
တောင်ကိုရီးယား ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့က ယမန်နှစ် ဇွန်လတွင် ရရှိခဲ့သော သတင်းပေးချက်အရ ယင်းကျားဖြန့်ဂိုဏ်းကို စတင်စုံစမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပြစ်မှုကျူးလွန်ပြီးနောက် ကိုရီးယားသို့ပြန်လာကာ ငွေကြေးခဝါချမှုများ လုပ်ဆောင်နေသည့် တရားခံ ၁ ဦး ကို ဖမ်းဆီးစစ်ဆေးရာမှတစ်ဆင့် မြန်မာနိုင်ငံရှိ အဆိုပါ ရာဇဝတ်ဂိုဏ်းဝင်း၏ အကြောင်းစုံကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စုံစမ်းစစ်ဆေးမှုအတွင်း အခြားအမှုတစ်ခုဖြင့် စစ်ဆေးခံနေရသည့် လူစုဆောင်းသူ ဒုတိယ တရားခံက ပထမတရားခံထံသို့ ပေးပို့သော လျှို့ဝှက်စာတစ်စောင်ကို အရေးကြီးသော သက်သေအဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါစာတွင် ဒုတိယတရားခံက မြန်မာနိုင်ငံရှိ ဂိုဏ်းအကြောင်း ထွက်ဆိုရန် ငြင်းဆန်ထားသဖြင့် ကျန်ရှိသည့် အပေါင်းအပါ တရားခံများကိုလည်း နှုတ်ပိတ်ထားရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရှိရသည်။
အစိုးရရှေ့နေများက ၎င်းတို့၏ နှုတ်ပိတ်ရန် ကြံစည်မှုကို ကြိုတင်ဟန့်တားကာ ဖမ်းဆီးနိုင်ခဲ့သဖြင့် ဂိုဏ်း၏ အတွင်းရေးများကို ပိုမိုသိရှိခဲ့ရကြောင်း၊ “ဝမ်ဂူဝင်း” (Wongu Complex) တည်ရှိရာနေရာသည် ဂြိုဟ်တုဓာတ်ပုံများအရ KK Park ဟု လူသိများသည့် နေရာနှင့် ထပ်တူကျနေကြောင်း တွေ့ရှိရသည်။
KK Park သည် ယမန်နှစ် အောက်တိုဘာလက မြန်မာစစ်တပ်က ဝင်ရောက်စီးနင်းကာ အွန်လိုင်းလိမ်လည်မှုသုံး ပစ္စည်းကိရိယာများ သိမ်းဆည်းပြီး လူပေါင်း ၂,၁၉၈ ဦးကို ဖမ်းဆီးခဲ့သည့် နေရာလည်းဖြစ်သည်။
အဆိုပါ လိမ်လည်သူများမှာ ပြည်ပရှိ ဂိုဏ်းများတွင် လိမ်လည်နည်းစနစ်များကို ဦးစွာလေ့လာပြီးနောက် ကိုရီးယားသို့ ပြန်လာကာ ငွေကြေးခဝါချသူများအဖြစ် လုပ်ကိုင်လေ့ရှိကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က ထုတ်ပြန်သည်။
ထို့ပြင် ၎င်းတို့သည် ငွေကြေးခဝါချသည့် လုပ်ငန်းစဉ်အတွင်း သားကောင်များထံမှ လိမ်လည် ရရှိသော ငွေကြေးများကို ပြည်ပရှိ Call Center များသို့ မပို့တော့ဘဲ ကြားဖြတ်ထုတ်ယူသည့် နည်းလမ်းကိုပါ သုံးစွဲလာကြသည်ကို တွေ့ရှိရသည်။
တောင်ကိုရီးယားပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ထွက်ပြေးလွတ်မြောက်နေသည့် တရုတ်လူမျိုး ခေါင်းဆောင်အပါအဝင် ကျန်ရှိနေသော အပေါင်းအပါများကို ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဟု သိရသည်။
ဓာတ်ပုံ- မြန်မာနိုင်ငံဘက်အခြမ်းရှိ KK Park ကျားဖြန့်ဝင်းကို ထိုင်းနိုင်ငံဘက်မှ ဒရုန်းဖြင့် မြင်ရစဉ်။




