ရန်ကုန်၊ မတ် ၁၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းရှိ SSPP/SSA တပ်စခန်းတည်နေရာကို စစ်တပ် က စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း SSPP/SSA ၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။
ယမန်နေ့ မတ်လ ၁၀ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်က ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စု အ တွင်းရှိ ပုံဝိုးကျေးရွာနှင့် ကွမ်ဟင်ကျေးရွာအနီးတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မ တော် (SSPP/SSA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲသည် မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်အထိ ကြာမြင့်ခဲ့ပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုများ ရှိမရှိ သိရှိရခြင်းမရှိ သေးကြောင်း သိရသည်။
“လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက စစ်ရေးကတင်းမာနေတာ၊ တိုက်ပွဲကြီးကြီးမားမားသာမဖြစ် တာ၊ ပစ်လိုက်ရပ်လိုက်နဲ့ ဖြစ်နေတာ ကြာပြီ။ လမ်းတွေလမ်းပိတ်ထားတယ်။ မန္တလေး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးလမ်းလည်း ပိတ်ထားတယ်။” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
စစ်ကော်မရှင်၏ လက်အောက်ခံ ခမရ ၁၁၅ တပ်ရင်းမှ အင်အား ၁၀၀ ဝန်းကျင်ဖြင့် ကျောက်မဲမြို့ နယ်၊ ပုံဝိုးကျေးရွာ အနီး (SSPP/SSA) တပ်စခန်းတည်ရှိရာသို့ ထိုးစစ်ဆင် ဝင်ရောက်လာပြီး စတင် ပစ်ခတ်ရာက နှစ်ဘက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း SSPP Info က ထုတ်ပြန်ထား သည်။
လက်ရှိအချိန်တွင် စစ်ကော်မရှင်ဘက်မှ ပုံဝိုးကျေးရွာ ၊ ကွမ်ဟင်ကျေးရွာ ၊ တော်လေကျေးရွာနှင့် လေလွယ်ကျေး ရွာတို့တွင် စစ်အင်အားဖြည့်တင်းကာ ထိုးစစ်ဆင် တိုက်ခိုက်ရန်ပြင်ဆင် လျက်ရှိ သောကြောင့် နှစ်ဘက်စစ်ရေးတင်းမာမှုများ ဆက်ရှိနေကြောင်း SSPP Info က အသိပေးထားသည်။
အဆိုပါနှစ်ဖက်တိုက်ပွဲနှင့်ပတ်သက်၍ SSPP/SSA ပြောရေးဆိုသူများထံသို့ ရန်ကုန်ခေတ်သစ် သတင်းဌာနက ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။




