ရန်ကုန်၊ မတ် ၁၂
စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲမှ တက်လာမည့် အုပ်ချုပ်ရေးအဖွဲ့နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် အသက်သွင်းမည့် နိုင်ငံရေးဆွေးနွေးပွဲများကို လက်မခံကြောင်း မွန်တော်လှန်ရေးဖိုရမ် ပြောရေးဆိုခွင့်ရှိသူ မိရော့ချမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယခုနှစ် မတ်လ ၉ ရက်နေ့မှ မတ်လ ၁၁ နေ့အထိ မွန်တော်လှန်ရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရန်၊ စည်းလုံးညီညွတ်မှု မြှင့်တင်ရန် နှင့် မွန်တော်လှန်ရေးဆိုင်ရာ အမြင်ဖလှယ်ပြီး မွန်ပြည်တည်ဆောက် ရေးဆိုင်ရာ ဘုံသဘောထား ရပ်တည်ချက်တစ်ရပ် ဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ မွန်တော်လှန်ရေးဖို ရမ်ကို ၃ ရက်ကြာကျင်းပခဲ့ကြောင်း၊ ယင်းဖိုရမ်မှတစ်ဆင့် မွန်တော်လှန်ရေးအဖွဲ့အစည်းများအကြား ဘုံသဘော ထားရပ်တည်ချက်တစ်ရပ်ကို ခိုင်မာစွာ ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
“မွန်တော်လှန်ရေးဖိုရမ်မှာတက်ရောက်ကြတဲ့တော်လှန်ရေးအစုအဖွဲ့အားလုံးက ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့် အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွင်းက မွန်ပြည်ကိုတည်ဆောက်ဖို့ တော် လှန် တိုက်ပွဲဝင်နေကြတာဖြစ်တယ်။ ဖိုရမ်မှာချမှတ်ခဲ့တဲ့ ဘုံသဘောထားရပ်တည်ချက်တွေထဲမှာ တော် လှန်ရေး ရည်ရွယ်ချက်တွေ၊ ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲကနေထွက်လာတဲ့ အုပ်ချုပ် ရေးအဖွဲ့ကိုတွေ အသိအမှတ်မပြုခြင်းနဲ့ နည်းလမ်းပေါင်းစုံနဲ့ တော်လှန်တိုက်ပွဲဝင်သွားဖို့အပါအဝင်၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်အသက်သွင်းဖို့လုပ်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေကို လက်မခံဘူးဆိုတဲ့ ဘုံသ ဘောထားတွေပါဝင်ပါတယ်။ တော်လှန်ရေးရဲ့ရည်ရွယ်ချက်တွေမှာတော့ စစ်အာဏာရှင်စနစ် အပါ အဝင် အာဏာ ရှင်အားလုံးတိုက်ဖျက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေး၊ စစ်အာဏာရှင်ကို အ ထောက် အကူပြုနေတဲ့ လုပ်ရပ်တွေကို တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ပြည် နယ်နှင့် ဖက်ဒရယ်ယူနစ်များ အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးကို ချဥ်းကပ်တဲ့ နည်း လမ်းနဲ့ တည်ဆောက်သွား ဖို့ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။” ဟု မွန်တော်လှန်ရေးဖိုရမ် ပြောရေး ဆိုခွင့်ရှိသူ မိရော့ချမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ မွန်တော်လှန်ရေးအဖွဲ့အစည်းများအကြား ဘုံသဘောထားရပ်ချက် တစ်ရပ်ကို ခိုင်မာစွာချမှတ် နိုင်ခဲ့သောကြောင့် မွန်တော်လှန်ရေး အရှိန်အဟုန် သည် ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း၊ မွန်ပြည် တည်ဆောက်ရေးကို ဦးတည်လျက် မွန် တော်လှန်ရေးအဖွဲ့အစည်းများနှင့် မွန်ပြည်သူတစ် ရပ်လုံး လက်တွဲညီညီ တိုက်ပွဲဝင်သွားကြပါရန် မွန်တော်လှန်ရေးဖိုရမ်က တိုက်တွန်းနှိုးဆော်ထား သည်။
မွန်တော်လှန်ရေးဖိုရမ်တွင် တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စစ်ရေး၊ နိုင်ငံရေးအခြေ အနေများ ကို ဆွေးနွေးသုံးသပ်ခဲ့ကြသည့်အပြင် တော်လှန်ရေးကာလအတွင်း အဖွဲ့အစည်း အသီးသီး၏လုပ်ငန်း ဆောင်ရွက်မှုများကို တင်ပြခဲ့ကြပြီးနောက် ဘုံသဘောထားရပ်တည်ချက်များ နှင့် အနာဂတ်ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွင်းရှိ မွန်ပြည်တည် ဆောက်ရေးသည် မွန်တော်လှန်ရေးပန်းတိုင်အဖြစ် မွန်တော်လှန်ရေး ဖိုရမ်မှ ချမှတ်နိုင်ခဲ့ပြီး တူညီ သည့် ဘုံရည်ရွယ်ချက် ၅ ချက်၊ ၂၀၂၅ ခုနှစ် အတုအယောင်ရွေး ကောက်ပွဲမှ ပေါ်ထွက်လာမည့် အုပ် ချုပ်ရေးအဖွဲ့နှင့် ပတ်သက်သည့်သဘောထားရပ်တည် ချက် ၂ ချက်နှင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှု ဆိုင်ရာ ရပ်တည်ချက် ၂ ချက်တို့ကို သဘောတူညီခဲ့ကြောင်း သိရသည်။
၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် မည်သည့်အုပ်ချုပ်ရေးအဖွဲ့ကိုမျှ အသိအ မှတ်မပြုကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သ ဘောတူစာချုပ် (NCA) တို့ကို အခြေခံထားသည့် မည်သည့် နိုင်ငံရေးဆွေးနွေးပွဲကိုမျှ လက်မခံ ကြောင်းထုတ်ပြန်ပြောဆိုထားသည်။
ထိုသို့ တူညီသည့် ဘုံသဘောထားရပ်တည်ချက်များကို အခြေခံ၍ တော်လှန်ရေးကာလအတွက် မွန် ပြည် တော်လှန်ရေးပဋိညဉ် (Mon State Revolutionary Charter) ကို ရေးဆွဲသွားမည်ဖြစ်ပြီး အ ဆိုပါ ချာတာရေးဆွဲနေစဉ်ကာလအတွင်း တော်လှန်ရေးအဖွဲ့အစည်းများအကြား လုပ်ငန်းစဉ်များ ပူး ပေါင်းဆောင်ရွက်နိုင်ရန်အတွက် မွန်တော်လှန်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ တစ် ခုကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
အဆိုပါ မွန်တော်လှန်ရေးဖိုရမ်သို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ မွန်ပြည်သစ်ပါတီ (စစ်အာ ဏာရှင်တိုက်ဖျက်ရေး) (NMSP/AD) ၊ ပြည်ပရောက် မွန်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (OMCC)၊ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC)၊ မွန်အရပ်ဘက်အဖွဲ့အစည်းများ၊ သံဃာတော်များနှင့် လေ့လာသူများအပါအဝင် ကိုယ်စားလှယ် စုစုပေါင်း ၇၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။




