29 C
Yangon

မြန်မာစစ်တပ်၏ ပြည်သူများအပေါ် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများ ရပ်တန့်ရေးအတွက် နိုင်ငံတကာက အပြင်းထန်ဆုံး ပြိုင်တူဖိအားပေးရန် KNU တိုက်တွန်း

Must read

ရန်ကုန်၊ မတ်လ ၁၂

မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ တိုးမြှင့်ကျူးလွန်နေမှုကို ရပ် တန့်နိုင်ရန်အတွက် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် အာဏာသိမ်းစစ်တပ်ကို အမြန်ဆုံးနှင့် အပြင်းထန်ဆုံး ပြိုင်တူဖိအားပေးကြရန် KNU – ကရင်အမျိုးသားအစည်းအရုံးက တိုက်တွန်းတောင်းဆိုလိုက်သည်။

အာဏာသိမ်းစစ်တပ်က ဇန်နဝါရီလကုန်ပိုင်းတွင် အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီးနောက် ၎င်းတို့ချုပ်ကိုင်ထားသည့် လွှတ်တော်ကို စတင်မည်ဟုဆိုကာ ကော်သူးလေအုပ်ချုပ်ရေးနယ်မြေနှင့် မြန်မာနိုင်ငံအနှံ့ရှိ ပြည်သူလူထုနှင့် အရပ်ဘက်အဆောက်အအုံများကို ပစ်မှတ်ထား၍ သာလွန်အင် အားသုံး တိုက်ခိုက်မှုများ နေ့စဉ်ရက်ဆက် လုပ်ဆောင်နေသည့်အပေါ် KNU က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။

လက်ရှိတွင် ကမ္ဘာ့နိုင်ငံများက အီရန်နှင့် အရှေ့အလယ်ပိုင်း တင်းမာမှုများကို အာရုံစိုက်နေချိန်ကို အခွင့်ကောင်းယူကာ စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများ၊ ကုန်သွယ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသော နေရာများကို လေကြောင်းနှင့် လက်နက်ကြီးများသုံး၍ လက်လွတ်စပယ် တိုက်ခိုက်နေကြောင်း သိရသည်။

KNU ၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ကော်သူးလေနယ်မြေအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၀ ကျော် ပြုလုပ်ခဲ့ရာ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ အပါအဝင် အရပ်သား ၅၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး လူပေါင်းထောင်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသဖြင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် ကြီးမားသော မတည် ငြိမ်မှုများ ဖြစ်ပေါ်နေသည်။

အာဆီယံက ချမှတ်ထားသည့် “အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး” အပါအဝင် ဘုံသဘောတူညီချက် ၅ ချက်မှာ ၅ နှစ်ကြာသည်အထိ အရာမထင်ဘဲ ပိုမိုဆိုးရွားလာနေကြောင်း KNU က ထောက်ပြထားသည်။

ထို့ကြောင့် နိုင်ငံတကာအနေဖြင့် စိုးရိမ်ပူပန်ကြောင်း ကြေညာချက်ထုတ်ရုံထက်ကျော်လွန်၍ စစ်ကောင်စီအပေါ် အပြင်းထန်ဆုံးသော ဖိအားများကို တစ်ပြိုင်တည်း ပေးရန်၊ လေယာဉ်ဆီ၊ လက်နက်နှင့် ဘဏ္ဍာငွေစီးဆင်းသည့် လမ်းကြောင်းများကို ထိရောက်စွာ ဖြတ်တောက်ရန်၊ စစ်ရာဇဝတ်မှုများကြောင့် ဒုက္ခရောက်နေသော ပြည်သူများအတွက် ရေရှည်လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုးပေးရန် တောင်းဆိုသည်။

ပြည်သူများအပေါ် စစ်တပ်က စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ကို မြင်တွေ့နေပါလျက်နှင့် စစ်ကောင်စီကို သံတမန်အခင်းအကျင်းတွင် ဆက်လက်နေရာပေး ထိတွေ့ဆက်ဆံနေခြင်းသည် ရာဇဝတ်မှုများကို ပိုမိုအားပေးရာရောက်ကြောင်း KNU က သတိပေးထားသည်။

KNU အနေဖြင့် ပြည်သူများကို ကာကွယ်ရန်နှင့် စစ်အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေးအတွက် မဟာ မိတ်များအားလုံးနှင့် ပူးပေါင်းကာ တန်းတူညီမျှမှုရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည် ဆောက်ရေးကို အခိုင်အမာ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း KNU က ကြေညာသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article