ရန်ကုန်၊ မတ် ၁၃
အရှေ့အလယ်ပိုင်းစစ်ပွဲကိုသာ ကမ္ဘာ၏ အာရုံစိုက်မှုများကြောင့် မြန်မာ့အရေး ပိုမိုဆိုးရွားလာနိုင်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က သတိပေးပြောဆိုသည်။
ကမ္ဘာ့အာရုံစိုက်မှုများသည် အရှေ့အလယ်ပိုင်းစစ်ပွဲဆီသို့သာ စုပြုံရောက်ရှိနေပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများလည်း တစ်နေ့ထက်တစ်နေ့ လျော့နည်းလာနေခြင်းကြောင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများသည် ယခုထက် ပိုမိုဆိုးရွားလာနိုင်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က သတိပေးလိုက်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည်မှာ ငါးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း စစ်ကောင်စီသည် အရပ်သားပြည်သူများအပေါ် မညှာမတာ ဆက်တိုက်တိုက်ခိုက်နေပြီး အရေးပေါ်လိုအပ်နေသည့် ကူညီထောက်ပံ့မှုများကိုလည်း ပိတ်ပင်တားဆီးထားဆဲ ဖြစ်ကြောင်း တွမ်အန်ဒရူးက AFP နှင့် အင်တာဗျူးတွင် ပြောကြားသည်။
အထူးသဖြင့် ဖေဖော်ဝါရီလနှောင်းပိုင်း၌ အရှေ့အလယ်ပိုင်းတွင် စစ်ပွဲစတင်ခဲ့ပြီးနောက် နိုင်ငံတကာ၏ အာရုံစိုက်မှုမှာ မြန်မာ့အရေးထံမှ ကွယ်ပျောက်သွားနိုင်သဖြင့် အခြေအနေများမှာ လက်ရှိထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားသွားနိုင်ကြောင်း ၎င်းက သတိပေးခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ရာထူးပြန်လည်ရရှိလာပြီးနောက်ပိုင်း ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေများ သိသိသာသာ လျော့ကျလာခဲ့ရာ မြန်မာနိုင်ငံအတွက် ရရှိနေသည့် အကူအညီများသည်လည်း စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိနေသည်။
မြန်မာပြည်သူများ၏ လိုအပ်ချက်မှာ နေ့စဉ်နှင့်အမျှ မြင့်တက်နေသော်လည်း နိုင်ငံတကာ၏ အရင်း အမြစ်များနှင့် အာရုံစိုက်မှုများမှာ အရှေ့အလယ်ပိုင်းသို့သာ ဦးတည်သွားနေသဖြင့် မြန်မာ့အရေးမှာ လုံးဝမျက်ကွယ်ပြုခံရသည့် အနေအထားသို့ ရောက်ရှိနေကြောင်း တွမ်အန်ဒရူးက ဝေဖန်ထောကပြသည်။
မြန်မာနိုင်ငံအတွင်းရှိ အရပ်သားများအပေါ် တိုက်ခိုက်မှုများသည်လည်း ထိတ်လန့်ဖွယ် ကောင်းလောက်အောင် မြင့်တက်လာနေကြောင်း၊ အာဏာသိမ်းစ ပထမနှစ်တွင် အရပ်သားပစ်မှတ်များအား လေကြောင်းတိုက်ခိုက်မှု ကိုးကြိမ်သာ ရှိခဲ့သော်လည်း ပြီးခဲ့သည့်နှစ်တွင်မူ အကြိမ်ရေ တစ်ထောင့်တစ်ရာကျော်အထိ ရှိလာခဲ့ကြောင်း ၎င်းက ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုများမှာ တိုက်ပွဲများအတွင်း ကြားညပ်ထိခိုက်ခြင်းမျိုး မဟုတ်ဘဲ အရပ်သားပြည်သူများကိုသာ တိုက်ရိုက်ပစ်မှတ်ထား၍ တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီက ပြုလုပ်ခဲ့သည့် အတုအယောင်ရွေးကောက်ပွဲများနှင့် ပတ်သက်၍လည်း တွမ်အန်ဒရူးက ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး ထိုရွေးကောက်ပွဲများမှာ ၎င်းတို့အုပ်ချုပ်ရေးကို တရားဝင်မှုရှိရန် ဟန်ပြလုပ်ဆောင်ခြင်းသာဖြစ်ကြောင်း နိုင်ငံတကာအနေဖြင့် ထိုရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် အရပ်သားအစိုးရဆိုသူများကိုလည်း အသိအမှတ်မပြုဘဲ ဆက်လက်ပယ်ချရန် တိုက်တွန်းခဲ့သည်။
တရားမဝင်သော ရွေးကောက်ပွဲမှ တရားမဝင်သော အစိုးရသာ ထွက်ပေါ်လာမည်ဖြစ်ပြီး ၎င်းမှာ အရပ်သားဝတ်စုံဝတ်ထားသည့် စစ်တပ်သာ ဖြစ်လိမ့်မည်ဟု ၎င်းက သတိပေးပြောဆိုသည်။




