ရန်ကုန်၊ မတ်လ ၁၃
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၂၂ ရပ်ကွက်တွင် အပိုင်း ၃ ဆယ်အိမ်မှူး ဝင်းကျော် ဆိုသူက ရပ်ကွက်အတွင်းရှိ လူငယ်များကို မူးယစ်ဆေးဝါးဖြင့် မတရားအမှုဆင်ဖမ်းဆီးကာ ငွေညှစ်ခြင်းနှင့် စစ်မှုထမ်းအဖြစ် လူရောင်းစားခြင်းများကို အကြီးအကျယ် ကျူးလွန်နေကြောင်း ဒေသပြည်သူများ၏ တိုင်ကြားချက်အရ သိရှိရသည်။
အမှတ် ၂၂ ရပ်ကွက် ဆယ်အိမ်မှူး ဝင်းကျော်သည် ရပ်ကွက်အတွင်းရှိ ကလေးငယ်များနှင့် လူငယ်များကို အကြောင်းမဲ့ ဖမ်းဆီးငွေညစ်မှုများ ဆက်တိုက်ပြုလုပ်နေပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ၆၇ ရပ်ကွက်မှ လူငယ်တစ်ဦးကို စိတ်ကြွဆေးပြား တစ်ပြားမိသည်ဟုဆိုကာ ဖမ်းဆီးပြီး ငွေကျပ် ၅ သိန်းဖြင့် ရွေးခိုင်းခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်၏ မိသားစုက ငွေမပေးနိုင်သဖြင့် “စစ်ထဲလိုက်ရမယ်” ဟုဆိုကာ ခေါ်ဆောင်သွားပြီးနောက် လက်ရှိအချိန်ထိ အဆက်အသွယ်မရတော့ကြောင်း၊ ဖမ်းဆီးခံရသော လူငယ်၏ မိခင်ဖြစ်သူက ရုံးသို့သွားရောက်စုံစမ်းရာတွင် “စစ်ထဲထည့်လိုက်ပြီ” ဟုဆိုကာ ထားဝယ်ဘက်သို့ စစ်မှုထမ်းလူစားထိုးအဖြစ် ရောင်းစားလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
ဝင်းကျော်၏ ရာဇဝတ်မှုမှတ်တမ်းနှင့် ပတ်သက်၍ ဒေသပြည်သူတစ်ဦးက “သူက အာဏာစသိမ်းတုန်းက ဗိုလ်ကြီးနေမျိုးအောင်လက်ထက် စစ်ဆေးရေးလုပ်ရင်း ကားတစ်စီးပေါ်က ဖုန်းတွေ၊ ပိုက်ဆံအိတ်တွေကို ခိုးထားတာ။ အဲဒါကို ဗိုလ်ကြီးနေမျိုးအောင်က သိသွားလို့ သူ့ကို ရာအိမ်မှူးအဖြစ်ကနေ ဖြုတ်ပစ်ခဲ့တာ။ အခု ၂၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်ကြီးက သူ့ကို ဆယ်အိမ်မှူးနေရာ ပြန်ပြီးနေရာပေးထားတာ” ဟု ပြောဆိုသည်။
လက်ရှိ ၂၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်ကြီးက ဝင်းကျော်မှာ “ဖုန်းသူခိုး” တစ်ဦးဖြစ်သည်ကို သိရှိသော်လည်း ၎င်းအား ငွေကြေးရှာဖွေပေးနေသဖြင့် ဆယ်အိမ်မှူးအဖြစ် ပြန်လည်ခန့်အပ်ထားခြင်းဖြစ်ကြောင်း၊ ဝင်းကျော်သည် ရပ်ကွက်အတွင်းရှိ အရက်ဆိုင်များ၊ သစ်အဟောင်းဆိုင်များ၊ ဖုန်းစက္ကန့်ဟန်းဆိုင်များနှင့် နှစ်လုံးထီ ရောင်းသူများထံမှလည်း လစဉ် လိုင်းကြေးများ ကောက်ခံနေကြောင်း သိရသည်။
၎င်းသည် ဘေးတွဲဆိုင်ကယ်များကို လိုင်စင်မဲ့ဟုဆိုကာ ဖမ်းဆီးရာတွင်လည်း မတရားငွေညှစ် တောင်းခံလေ့ရှိပြီး၊ ရဲနှင့် စည်ပင်များမပါဘဲ အရက်ဆိုင်များကို လိုင်စင်စစ်ဆေးဟန်ပြကာ ငွေညစ်ခြင်း၊ အမှုပွဲစားလုပ်ခြင်းများကို ကျူးလွန်နေကြောင်း သိရှိရသည်။
အချို့အမှုများကို အမှတ် ၂၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်ကြီးပင် မသိဘဲ တောင်ဒဂုံမြို့နယ် နယ်ထိန်းရဲ ရန်အောင်နှင့် ပေါင်းကာ လုပ်ဆောင်နေခြင်းဖြစ်ပြီး၊ အဆိုပါ နယ်ထိန်းရန်အောင်မှာလည်း လာဘ်စားမှုကြောင့် လက်ရှိတွင် မကွေးသို့ အပို့ခံလိုက်ရကြောင်း သိရှိရသည်။
“သူက အုပ်ကြီးကို ရှာကျွေးနေတဲ့သူဆိုတော့ အုပ်ကြီးမောင်ကြီးကလည်း သိသိကြီးနဲ့ ပစားပေးထားတာ။ ဝင်းကျော်လို အကျင့်ပျက်တဲ့သူမျိုးကို ဆယ်အိမ်မှူးခန့်ထားတာ ရပ်ကွက်အတွက် အများကြီး နစ်နာပါတယ်” ဟုဒေသပြည်သူတစ်ဦးက ပြောဆိုသည်။




