34 C
Yangon

မြန်မာစစ်တပ်အပေါ် ဘက်စုံပိတ်ဆို့ရန်နှင့် မြန်မာနိုင်ငံ၏ အခြေအနေကို ICC တရားရုံးသို့ လွှဲပြောင်းရန် FIDH က ကုလသမဂ္ဂလူ့အခွင့်အရေးညီလာခံတွင် တင်ပြတောင်းဆို

Must read

ရန်ကုန်၊ မတ် ၁၄

မြန်မာစစ်အုပ်စုအပေါ် ဘက်စုံ လက်နက်ပိတ်ဆို့မှုများ ပြုလုပ်ရန်နှင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေ အနေများကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သို့ အမြန်ဆုံး လွှဲပြောင်းတင်ပြရန် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များ အဖွဲ့ချုပ် (FIDH) က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၆၁ ကြိမ်မြောက် ညီလာခံတွင် တင်သွင်းတောင်းဆိုလိုက်သည်။

မတ်လ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ အပြန်အလှန်ဆွေးနွေးပွဲတွင် FIDH နှင့် ၎င်း ၏ မဟာမိတ်အဖွဲ့များဖြစ်သော ALTSEAN-Burma၊ အမျိုးသမီးငြိမ်းချမ်းရေးကွန်ရက်နှင့် Info Birmanie တို့က ပူးတွဲထုတ်ပြန်ချက်တစ်ရပ်ကို ညီလာခံတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက ပြုလုပ်ခဲ့သည့် အတုအယောင်ရွေးကောက်ပွဲများသည် စစ်အုပ်ချုပ်ရေးကို ခိုင်မာစေရန်သာ ရည်ရွယ်ခြင်းဖြစ်ပြီး မြေပြင်တွင် စစ်ရာဇဝတ်မှုများကို လျော့ကျစေခြင်း မရှိကြောင်း FIDH က ထောက်ပြသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မြို့နယ်ပေါင်း ၁၆၉ ခု၌ လေကြောင်းတိုက်ခိုက်မှု ၂၂၄ ကြိမ် အပါအဝင် လက်နက်ကိုင်တိုက်ခိုက်မှုပေါင်း ၈၄၉ ကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သား ၁၉၂ ဦး သေဆုံးခဲ့ရသည်ဟု ဆိုသည်။

လက်ရှိတွင် နိုင်ငံရေးအကျဉ်းသား ၂၂,၀၀၀ ကျော် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး မကြာသေးမီက ပြုလုပ်ခဲ့သော လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရန် လုပ်ဆောင်သည့် စစ်ကောင်စီ၏ ပရိယာယ်တစ်ခုသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မြန်မာလူငယ်များကိုလည်း စစ်တပ်အတွက် “အသေခံဒိုင်းလွှတ်” များအဖြစ် အဓမ္မစစ်သားစုဆောင်းနေမှုကို ပြင်းထန်စွာ ဝေဖန်ထားသည်။

FIDH အနေဖြင့် စစ်တပ်၏ လက်ပါးစေအဖွဲ့အစည်းများ၊ လွှတ်တော်များနှင့် တရားစီရင်ရေးကဏ္ဍများကို တရားဝင်မှုပေးခြင်းနှင့် ထိတွေ့ဆက်ဆံခြင်းများ မပြုလုပ်ရန်၊ စစ်တပ်က ကျင်းပခဲ့သည့် အတုအယောင်ရွေးကောက်ပွဲရလဒ်များကို လုံးဝအသိအမှတ်မပြုရန်၊ စစ်တပ်ထံသို့ စီးဆင်းနေသည့် လက်နက်နှင့် ဘဏ္ဍာငွေများကို ဖြတ်တောက်ရန်နှင့် မြန်မာ့အရေးကို ICC သို့ လွှဲပြောင်းပေးရန် တောင်းဆိုထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews ၏ ၆ နှစ်တာ ဆောင် ရွက်ချက်များကို ကျေးဇူးတင်ရှိကြောင်း၊ ၎င်း၏ ဆက်ခံမည့်သူအနေဖြင့်လည်း စစ်အုပ်စုထံသို့ လက်နက်နှင့် ငွေကြေးစီးဆင်းမှု ရပ်တန့်စေရေးကို ဆက်လက်ဦးစားပေးဆောင်ရွက်ရန် FIDH က အလေးအနက် တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article