26 C
Yangon

မြန်မာနိုင်ငံတွင် စစ်အုပ်စု၏ ရူးသွပ်စွာ အာဏာတပ်မက်မှုကြောင့် လူကဖန်တီးသော ဘေးဆိုးအန္တရာယ် ထုထည် အံ့မခန်း ကြီးထွားလာနေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း သတိပေး

Must read

ရန်ကုန်၊ မတ် ၁၄

မြန်မာနိုင်ငံတွင် စစ်အုပ်စု၏ ရူးသွပ်စွာ အာဏာတပ်မက်မှုကြောင့် ဖြစ်ပေါ်လာရသည့် လူကဖန်တီးသော ဘေးဆိုးအန္တရာယ် (Man-made disaster) ထုထည်မှာ အံ့မခန်း ကြီးထွားလာနေကြောင်း ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးပြောကြားလိုက်သည်။

မတ်လ ၁၂ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် (၇၀) ကြိမ်မြောက် Commission on the Status of Women (CSW) ၏ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုဆိုင်ရာ အဆင့်မြင့်အစည်းအဝေး၌ သံအမတ်ကြီးက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် မတရားစစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုသည် အရပ်သားပြည်သူလူထုတစ်ရပ်လုံးအပေါ် စနစ်တကျ အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ရာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ်တွင် အချိုးမညီမျှစွာနှင့် သာလွန်ရက်စက်စွာ ကျရောက်လျက်ရှိကြောင်း ၎င်းက ထောက်ပြသည်။

စစ်အုပ်စုက ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှုများသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ကြောင်းကိုလည်း ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးရေးယန္တရားများက အတည်ပြုထားပြီး ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ အမျိုးသမီးနှင့် မိန်းကလေးငယ် ၁၀ ဒသမ ၄ သန်းကျော်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အရေးပေါ်လိုအပ်လျက်ရှိပြီး၊ သန်းပေါင်းများစွာသော ပြည်သူများမှာလည်း နေရပ်စွန့်ခွာ ဒုက္ခသည်ဘဝ ရောက်ရှိနေရကြောင်း သိရသည်။

ထိုသို့သော ရက်စက်ကြမ်းကြုတ်မှုများ ရင်ဆိုင်နေရချိန်တွင် မြန်မာအမျိုးသမီးများ၏ ကြံ့ခိုင်မှုသည် တန်ဖိုးမဖြတ်နိုင်သော ပိုင်ဆိုင်မှုဖြစ်ကြောင်း သံအမတ်ကြီးက ချီးကျူးစကားဆိုခဲ့သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်အုပ်စုအနေဖြင့် ၎င်းတို့၏ ရာဇဝတ်မှုများကို ဖုံးကွယ်ရန်အတွက် အတုအယောင်ရွေးကောက်ပွဲများကို အသုံးချခွင့် မပေးသင့်ကြောင်းနှင့် နိုင်ငံတကာအနေဖြင့် စစ်အုပ်စုထံ စီးဆင်းနေသည့် လက်နက်၊ ခဲယမ်းနှင့် လေယာဉ်ဆီများကို ထိရောက်သော ပိတ်ဆို့မှုများဖြင့် ဖြတ်တောက်ပေးရန် ထပ်မံတိုက်တွန်းသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများ၏ အဓိကဇစ်မြစ်မှာ စစ်အာဏာရှင်စနစ်ပင်ဖြစ်ကြောင်းနှင့် အမျိုးသမီးများ၏ လုံခြုံမှုနှင့် အခွင့်အရေးများကို တရားဥပဒေအရ အကာအကွယ်ပေးနိုင်သည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေး ကတိကဝတ်ကို ဆက်လက်ကိုင်စွဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာပြည်သူများသည် ကြီးလေးသောအန္တရာယ်များနှင့် ဆက်တိုက်ရင်ဆိုင်နေရပြီး မျိုးဆက်တစ်ခုလုံး ဆုံးရှုံးရမည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာအမျိုး သမီး အရပ်ဘက်အဖွဲ့အစည်းများက ဦးဆောင်ကျင်းပသည့် “Myanmar’s WPS implementation and Justice Pathways” အမည်ရှိ ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။

မြန်မာအမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် စစ်အာဏာရှင်စနစ်၏ ဖိုဝါဒကြီးစိုးမှုနှင့် စနစ် တကျ ဖယ်ကျဉ်ဖိနှိပ်မှုများကို ဆယ်စုနှစ်ပေါင်းများစွာ အံတုခဲ့ကြရကြောင်း၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်အုပ်စုက ယင်းဖိနှိပ်မှုများကို အဆပေါင်းများစွာ တိုးမြှင့်လုပ်ဆောင်လာခဲ့ကြောင်း သံအမတ်ကြီးက ထောက်ပြသည်။ စစ်အုပ်စု၏ ဆိုးရွားသော လုပ်ရပ်များကြောင့်ပင် နိုင်ငံအတွင်း ခဲခဲရင်းရင်း တည်ဆောက်ခဲ့ရသည့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီစနစ်များအပြင် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုများပါ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

ထို့အပြင် စစ်အုပ်စုသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများကို ဖုံးကွယ်ရန်အတွက် အတုအယောင်ရွေးကောက်ပွဲကို ပြဇာတ်သဖွယ် ကျင်းပခဲ့ကြောင်း၊ ယခုအခါတွင်လည်း လွှတ်တော်မစစ်သည့် လွှတ် တော်တစ်ရပ် ခေါ်ယူရန်နှင့် အစိုးရအမည်ခံ အရေခြုံအဖွဲ့အစည်းတစ်ရပ်ကို ဖွဲ့စည်းရန် အချည်းအနှီး ကြိုးပမ်းနေကြောင်း သံအမတ်ကြီးက ဝေဖန်ပြောကြားသည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ရှေ့တန်းမှ ပါဝင်နေသည့် မြန်မာအမျိုးသမီးများ၏ ကြံ့ခိုင်မှုကို ကမ္ဘာ့အသိုက်အဝန်းက နိုင်ငံရေးဆန္ဒရှိရှိဖြင့် ထိရောက်သော အရေးယူဆောင်ရွက်ချက်များဖြင့် အားဖြည့်ပေးရန် လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် တရားမျှတမှုနှင့် ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားခဲ့ပါသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article