34 C
Yangon

ကလေးထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိဘဲ အသည်းရောဂါဖြင့် ကျဆုံး

Must read

ရန်ကုန်၊ မတ် ၁၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကလေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုး ကျန်း မာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိဘဲ အသည်းရောဂါဖြင့် ကျဆုံးသွားကြောင်း မြန်မာ နိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့ ကလေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား အသက် ၅၄ နှစ်အရွယ် ကိုဝင်းမြင့်စိုး (၅၄ နှစ်) သည် ထောင်တွင်းကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိခဲ့ဘဲ အသည်းရောဂါ ဝေဒနာဖြင့် ကွယ်လွန်ခဲ့ကြောင်း၊ ကိုဝင်းမြင့်စိုးသည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး ပုဒ်မ ၅၀၅-ကနှင့် ၃၀၂(က) တို့ဖြင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံထားရသူဖြစ်ကြောင်း သိရှိရသည်။

ကွယ်လွန်သူ ကိုဝင်းမြင့်စိုးသည် ကလေးအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေစဉ်အတွင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ “အသည်းခြောက်ခြင်းနှင့် ရေဖျဉ်းစွဲခြင်း” ဝေဒနာများကို ပြင်းထန်စွာ ခံစားခဲ့ရကြောင်း၊ ရောဂါအခြေအနေ ဆိုးဝါးလာသဖြင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကလေးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သော်လည်း ဆေးရုံမှ ဆင်းခွင့်ရ၍ ထောင်သို့ ပြန်ရောက်သည့်ညမှာပင် အသက်ရှူကျပ်ကာ ဝေဒနာပြန်လည် ပြင်းထန်လာခဲ့ကြောင်း၊ ထို့ကြောင့် ဆေးရုံသို့ ထပ်မံတင်ပို့ခဲ့ရပြီး ဆေးရုံအချုပ်ဆောင်တွင် ကုသမှုခံယူနေစဉ် မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ကွယ်လွန်ကျဆုံးသွားခဲ့ခြင်ဖြစ်ကြောင်း သိရှိရသည်။

ကိုဝင်းမြင့်စိုး၏ ရုပ်အလောင်းကို မိသားစုထံ ပြန်လည်လွှဲပြောင်းပေးခြင်း မရှိဘဲ ထောင်အာဏာပိုင်များက “သေမှုသေခင်းအတွက် ရဲလာမည်ဖြစ်၍ အလောင်းပြန်ပေး၍မရကြောင်း၊ အလောင်းရလိုပါက တရားရုံးသို့ သွားရမည်ဖြစ်ကြောင်း” အကြောင်းပြချက်ဖြင့် မိသားစု၏ ဆန္ဒကို ပယ်ချခဲ့ကြောင်း၊

ယနေ့ (မတ်လ ၁၅ ရက်) တွင် ကလေးမြို့၊ ကံပုလဲသုသာန်သို့ ကိုဝင်းမြင့်စိုး၏ နာရေးကို အာဏာပိုင်များ၏ အစီအစဉ်ဖြင့်သာ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရှိရသည်။

“ဆေးရုံကဆင်းပြီး ထောင်ထဲရောက်တာနဲ့ ချက်ချင်း အသက်ရှူကျပ်လာတာ၊ အကျဉ်းထောင်တွင်း ဆေးကုသမှု အားနည်းချက်တွေနဲ့ လူသားချင်းစာနာမှု ကင်းမဲ့တဲ့ လုပ်ရပ်တွေက အဖိုးတန် အသက်တစ်ချောင်းကို ဆုံးရှုံးစေခဲ့တာပါ” ဟု ကလေးမြို့အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦး က ပြောဆိုသည်။

ကိုဝင်းမြင့်စိုး သေဆုံးခြင်းသည် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ဆေးကုသခွင့် ပိတ်ပင်ထားခြင်း၏ အကျိုးအဆက်သာ ဖြစ်ကြောင်း၊ အကျဉ်းထောင်တွင်း လူမဆန်သည့် လုပ်ရပ်များအတွက် စစ်ကော်မရှင်နှင့် ထောင်အာဏာပိုင်များတွင် တာဝန်ရှိကြောင်း PPNM က ထုတ်ပြန် ပြောဆိုထားသည်။

“၂၀၂၆ ထဲမှာ နိုင်ငံရေးအကျဉ်းသား သေဆုံးမှု မရှိစေချင်ဘူး။ သို့သော်လည်း နိုင်ငံရေးအကျဉ်းသားဦးဝင်းမြင့်စိုး မကြာမီရက်ပိုင်းကပဲ ကျဆုံးခဲ့တယ်။ အကျဉ်းထောင်တွေမှာ ဆေးကုသခွင့်ရရှိဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတယ်။ ထောင်ထဲမှာ ဆေးရုံ မရှိတာ ဆေးဝါး လုံလောက်မှုမရှိတာတွေရှိတယ်။ ဒါတွေက နိုင်ငံရေးအကျဉ်းသား သေဆုံးအောင် တွန်းပို့နေတယ်။ ကလေး အကျဉ်းထောင်ကလည်း နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးမှုတွေ မကြာခဏဆိုသလိုဖြစ်တယ်။ နိုင်ငံတစ်ဝန်း အကျဉ်းထောင်တွေကို ICRC အဖွဲ့တွေအနေနဲ့ ဆေးဝါးလုံလောက်မှုရရှိရေးနဲ့ ဆေးကုသမှု ခံယူနိုင်ရေး ရရှိအောင် ဆောင်ရွက်ပေးစေချင်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိအောင်လည်း လုပ် ဆောင်ပေးစေချင်ပါတယ်”ဟု မြန်မာ နိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်တာကာလအတွင်း အကျဉ်းထောင်နှင့် စစ်ကြောရေးစခန်းများတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် နိုင်ငံရေးအကျဉ်းသား ၂၇၀ ကျော် အသက်ဆုံးရှုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေကို စောင့်ကြည်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article