ရန်ကုန်၊ မတ် ၁၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင် TNLA နှင့် MNDAA အကြားဖြစ်ပွားလျက်ရှိသော ပဋိပက္ခကို နှစ်ဖက်တွေ့ဆုံဆွေးနွေးအဖြေရှာလျက်ရှိကြောင်း ယင်းဖြစ်စဉ်ကို သိရှိထားသော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“မနေ့ညနေပိုင်းကတည်းက သူတို့နှစ်ဖက်တွေ့ဖို့ သဘောတူတယ်ဆိုတာ သိရတယ်။ TNLA ဘက်က ဒုတိယဥက္ကဋ္ဌ ဦးဆောင်တယ်လို့ သိရတယ်။ နမ့်ခမ်းဘက်မှာလည်း မနေ့ညနေပိုင်းကတည်းက MNDAA က စစ်ရေးလှုပ်ရှားမှုတွေ ရပ်သွားတယ်။ MNDAA ရော TNLA ရော စကားပြောနေပြီဆိုတော့ ပြေလည်ဖို့ များပါတယ်။ မိတ်ဖက် ပြဿနာဆိုတော့ ပြေလည်မှာပါ” ဟု သတင်းရင်းမြစ်က ရှင်းပြသည်။
ယခုနှစ် ဖေဖော်ဝါရီလအတွင်း MNDAA နှင့် TNLA အကြား နယ်မြေဆိုင်ရာပဋိပက္ခ များဖြစ်ပွားခဲ့ပြီးနောက် မတ်လ ၁၄ ရက်နေ့မှစတင်ကာ MNDAA က TNLA ထိန်းချုပ်ထားသော ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင်ခဲ့ကြောင်း၊ မတ်လ ၁၆ ရက်နေ့တွင် MNDAA က ကွတ်ခိုင်မြို့ အပါအ၀င်မြို့နယ် တစ်ဝန်းလုံးကို သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း သိရှိရသည်။
နွေဦးတော်လှန်ရေးအင်အားစုများနှင့် CDM ကွန်ရက်များကမူ TNLA နှင့် MNDAA အကြား ပဋိပက္ခကို ဆွေးနွေးညှိနှိုင်းမှုဖြင့် ဖြေရှင်းရန် တောင်းဆိုခဲ့ပြီး တအာင်း TNLA တပ်ကလည်း ပြဿနာကို ညှိနှိုင်းဆွေးနွေးမှုဖြင့် အဖြေရှာမည်ဟု ထုတ်ပြန်ခဲ့သည်။




