ရန်ကုန်၊ မတ် ၁၈
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့် MNDAA နှင့် တအာင်းTNLA တို့အကြား ဖြစ်ပွားခဲ့သော ပဋိပက္ခ ကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ယမန်နေ့ညပိုင်းတွင် တိုက်တွန်းလိုက်သည်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) တို့အကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် တိုက်တွန်းကြောင်း၊ နှစ်ဖက်အဖွဲ့အစည်းများအကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ပြီးနောက် MNDAA နှင့် TNLA ခေါင်းဆောင်များအနေဖြင့် ပြဿနာများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန် လက်ရှိတွင် တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း သိရှိရသည့် အတွက် များစွာဝမ်းမြောက်မိကြောင်း ယာယီသမ္မတက ဆိုသည်။
ယာယီသမ္မတ ဒူဝါလရှီးလက တော်လှန်ရေးအဖွဲ့အစည်းအသီးသီး၏ ခေါင်း ဆောင်များသည် တော် လှန်ရေး၏ မျက်နှာကို ထောက်ထားငဲ့ညှာကြရန်နှင့် တော်လှန်ရေးအင်အားစုများ၏ ဘုံရည် မှန်းချက်နှင့် အကျိုးစီးပွားကို မထိခိုက်စေမည့် ညှိနှိုင်းဖြေရှင်းမှုမျိုးကို ဆောင်ရွက်နိုင်ကြလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
“နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်” ဟု ၎င်း၏ ထုတ်ပြန်ချက်တွင် အထူးပြုဖော်ပြထားကာ လက်ရှိဖြစ်ပွားနေသော တင်းမာမှုများကို အမြန်ဆုံးပြေလည်စေလိုသည့် ဆန္ဒကို NUG ယာယီသမ္မတက ပြသခဲ့သည်။




