35 C
Yangon

စစ်တပ်ကင်းစင်သော နိုင်ငံရေးစနစ်သစ်သို့ ဦးတည်ရန် လက်နက်ကိုင်ခုခံတော်လှန်သည့် နည်းလမ်းမှတစ်ပါး အခြားရွေးချယ်စရာမရှိဟု ချင်းအမျိုးသားတပ်ဦး-CNF ဥက္ကဋ္ဌ ပြော

Must read

ရန်ကုန်၊ မတ် ၂၀

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး စစ်တပ်ကင်းစင်သော နိုင်ငံရေးစနစ်သစ်တစ်ရပ် တည်ဆောက်နိုင်ရေးအတွက် လက်နက်ကိုင်ခုခံတော်လှန်သည့်နည်းလမ်းမှတစ်ပါး အခြားရွေးချယ်စရာမရှိကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး (Pu Zing Cung) က ယနေ့ကျရောက်သည့် ၃၈ ကြိမ်မြောက် ချင်းတော်လှန်ရေးနေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။

ယခင်က တစ်နိုင်ငံလုံးအပစ်ရပ် NCA စာချုပ်ကို အခြေခံ၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း စစ်တပ်က ကတိကဝတ်များကို ဖောက်ဖျက်ကာ လက်နက်အားကိုးဖြင့်သာ လုပ်ဆောင်ခဲ့ကြောင်း၊ စစ်တပ်က ၃ ကြိမ်တိုင် လက်နက်ဖြင့် အာဏာသိမ်းခဲ့ကြောင်း၊ ထို့ကြောင့် ယခုအခါ စစ်တပ်ကင်းစင်သော နိုင်ငံရေးစနစ်သစ်ဆီသို့ ဦးတည်ရန် လက်နက် ကိုင်တော်လှန်ခြင်းကိုသာ တစ်ခုတည်းသော နည်းလမ်းအဖြစ် ရွေးချယ်ခဲ့ရခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌက ရှင်းလင်းပြောဆိုသည်။

လက်ရှိတွင် ချင်းပြည်နယ်အတွင်း Chinland ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃ ) ကို အတည်ပြုပြဋ္ဌာန်းထားပြီးဖြစ်ကာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ယန္တရားများကို စနစ်တကျ ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

အထူးသဖြင့် ဒေသအလိုက် ချင်းရိုးရာဓလေ့ထုံးတမ်းဥပဒေများနှင့်အညီ တရားစီရင်ရေးကဏ္ဍကို လည်ပတ်နေသကဲ့သို့၊ ချင်းပြည်နယ်အစိုးရအနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဝန်ဆောင်မှုလုပ်ငန်းများကိုပါ တာဝန်ယူဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

ချင်းအမျိုးသားတပ်မတော် (CNA) ကို အရည်အချင်းပြည့်ဝသော တပ်မတော်တစ်ရပ်အဖြစ် ဆက် လက်တည်ဆောက်သွားမည်ဖြစ်ပြီး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် အခြားသော တော်လှန်ရေးအင်အားစုများ၊ မဟာမိတ်အဖွဲ့အစည်းများနှင့်လည်း ဟန်ချက်ညီညီ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် အတည်ပြုပြောကြားသည်။

ချင်းတစ်မျိုးသားလုံး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ချင်းပြည်သူလူထုတစ်ရပ်လုံးက စည်းစည်းလုံးလုံးဖြင့် ဆက်လက်ဝန်းရံကြရန်နှင့် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သို့ မရောက်မချင်း သမိုင်းကို ဆက်လက်ရေးထိုးသွားကြရန် CNF ဥက္ကဋ္ဌက တိုက်တွန်းနှိုးဆော်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article