29 C
Yangon

ချင်းပြည်နယ်လွှတ်တော်တွင် စစ်ရာဇဝတ်မှုကျူးလွန်သူ စစ်အရာရှိများကို စစ်တပ်ကိုယ်စားလှယ် အမတ်များ အဖြစ်ခန့်အပ်ထားမှု CHRO ပြင်းထန်စွာကန့်ကွက်

Must read

ရန်ကုန်၊ မတ် ၂၁

စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအပြီး ချင်းပြည်နယ်လွှတ်တော်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၌ ပါဝင်ပတ်သက်နေသည့် စစ်အရာရှိနှစ်ဦးကို လွှတ်တော်အမတ်များအဖြစ် နေရာပေးလိုက်ခြင်းအပေါ် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ယမန်နေ့တွင် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်အတွက် သတ်မှတ်ထားသည့် ၂၅ ရာခိုင်နှုန်းသော လွှတ် တော်ကိုယ်စားလှယ် နေရာများတွင် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က တိုက်ရိုက်ခန့်အပ်ခဲ့သည့် အရာရှိလေးဦးအနက် ဗိုလ်မှူးကြီး စောထွန်း နှင့် ဗိုလ်မှူး အာကာကျော်မိုး တို့ ပါဝင်နေခြင်းဖြစ်သည်။

ဗိုလ်မှူးကြီး စောထွန်းသည် ချင်းပြည်နယ်မြောက်ပိုင်းရှိ ခြေလျင်တပ်ရင်းအများအပြားကို ကွပ်ကဲခဲ့သည့် စစ်ဗျူဟာမှူးဟောင်းဖြစ်ပြီး ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်အတွင်း အရပ်သားများအပေါ် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေသူဖြစ်သည်။ ၎င်းကို ဖိလစ်ပိုင်နိုင်ငံတွင် တရားစွဲဆိုထားသည့် အမှုတွင်လည်း အမည်တပ် စွပ်စွဲခံထားရသူဖြစ်သည်။

ဗိုလ်မှူး အာကာကျော်မိုးမှာမူ ၂၀၂၁ ခုနှစ်၊ မေလအတွင်း ဟားခါးမြို့၌ ဖမ်းဆီးခံခဲ့ရသည့် အသက် (၅၄) နှစ်အရွယ် ပူးတလာလင်း နှင့် အသက် (၂၇) နှစ်အရွယ် ဆလိုင်းခမ်းဘွီ တို့ကို စစ်ကြောရေးတွင် ကိုယ် တိုင် ညှဉ်းပန်းနှိပ်စက်ပြီး သေဆုံးစေခဲ့သူဖြစ်ကြောင်း သိရှိရသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Salai Mang Hre Lian က “စစ်ကောင်စီရဲ့ ရွေး ကောက်ပွဲဆိုတာ စစ်ရာဇဝတ်ကောင်တွေကို အဝတ်လျှော်ပေးတဲ့ စက်တစ်ခုလိုပါပဲ။ ညှဉ်းပန်းနှိပ်စက်သူတွေကို လွှတ်တော်ထဲမှာ နေရာပေးတာဟာ သေဆုံးသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို စော်ကားလိုက်တာဖြစ်တယ်” ဟု ပြောကြားသည်။

ထို့အပြင် စစ်တပ်၏ ရွေးကောက်ပွဲသည် ချင်းပြည်နယ်အတွင်း တိုက်ပွဲများ၊ အဓမ္မနေရပ်စွန့်ခွာမှုများနှင့် ခြိမ်းခြောက်မှုများကြားတွင် အနည်းငယ်သော နေရာများ၌သာ ကျင်းပခဲ့ခြင်းဖြစ်၍ လုံးဝတရားမျှတမှုမရှိကြောင်း အဆိုပါအဖွဲ့က ထောက်ပြထားသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က နိုင်ငံတကာထံသို့ စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့် ၎င်းမှတစ်ဆင့် ပေါ်ပေါက်လာသည့် အဖွဲ့အစည်းများ၏ တရားဝင်မှုကို ငြင်းပယ်ရန်၊ ဖိလစ်ပိုင်နှင့် တီမောလက်စ်တေနိုင်ငံတို့တွင် ဆောင်ရွက်နေသည့် တရားစီရင်ရေး လုပ်ငန်းစဉ်များကို ကူညီရန်၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) နှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်နေသည့် စစ်ခေါင်းဆောင်များအပေါ် ဥပဒေကြောင်းအရ ဖိအားပေးမှုများ တိုးမြှင့်ရန် တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article