ရန်ကုန်၊ မတ်၂၁
ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်မှ စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသည့် အသက် ၃၆ နှစ်အရွယ် မောင်ဝင်းနိုင်ဦး (ခ) မောင်ဖြိုးအောင် သည် ရှေ့တန်းတိုက်ပွဲတစ်ခုတွင် သေဆုံးသွားခဲ့သော်လည်း မိသားစုဝင်များက ကိုယ်တိုင်လိုက်လံစုံစမ်းချိန် ၁ လကျော်ကြာမှသာ စစ်တပ်က သေဆုံးသွားသည်ကို အသိပေးခဲ့ကြောင်း ကျန်ရစ်သူ မိသားစု၏ လူမှုကွန်ရက်တွင် ထုတ်ဖော်ချက်အရ သိရှိရသည်။
စစ်မှုထမ်း ဝင်းနိုင်ဦးသည် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် သေဆုံးခဲ့ပြီး စစ်တပ်က မတ်လ ၁၁ ရက်နေ့မှသာ တိုက်ပွဲတွင် သေဆုံးသွားသည်ကို မိသားစုက စုံစမ်းမှသာ အသိပေးခြင်းဖြစ်ကြောင်း၊ သေဆုံးသူ ဝင်းနိုင်ဦးသည် ရန်ကင်းမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ အင်ကြင်းမြိုင်လမ်းမှ ဖြစ်ပြီး စစ်မှုထမ်းအဖြစ် အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးက စစ်တပ်ထဲသို့ ထည့်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ထဲသို့ ရောက်ရှိသွားပြီးနောက် မိသားစုက လိုက်လံစုံစမ်းသည့်အခါမှ တိုက်ပွဲတွင် သေဆုံးသွားသည်ကို သိရှိရကြောင်း သိရှိရသည်။
စစ်မှုထမ်းတပ်သား ဝင်းနိုင်ဦး၏ ရုပ်အလောင်းနှင့် အသုံးအဆောင်ပစ္စည်းများနှင့်အတူ စစ်တပ်က မြေမြှုပ်သဂြိုဟ်လိုက်ပြီဟု တပ်ဘက်က ဆိုသော်လည်း သဂြိုဟ်သည့် မှတ်တမ်းဓာတ်ပုံ တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။
သေဆုံးသူ၏ ကျန်ရစ်သူ မိသားစုဝင်များအနေဖြင့် သေဆုံးသည့်ရက်နှင့် ပတ်သက်ပြီး ရှေ့နောက်မညီသည့် အဖြေများသာ ရရှိခဲ့ပြီး အလောင်းကို ပြန်မရသည့်အပြင် သေဆုံးသည့်ရက်ကိုပင် ခန့်မှန်းပြီး နာရေးပြုလုပ်နေရကြောင်း သိရှိရသည်။
ကွယ်လွန်သူ စစ်မှုထမ်း ၀င်းနိုင်ဦး (ခ) မောင်ဖြိုးအောင် အတွက် ရည်စူး၍ ရက်လည်ဆွမ်းသွတ်တရားတော်နာခြင်းကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက် နေ့ ရန်ကင်းမြို့နယ်ရှိ နေအိမ်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း နာရေးဖိတ်စာအရ သိရှိရသည်။
အကြမ်းဖက်စစ်တပ်က ၂၀၂၄ ခုနှစ် မေလမှစတင်၍ စစ်မှုထမ်းသင်တန်းများကို စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ စစ်မှုထမ်းအပတ်စဉ် ၂၃ သို့ ရောက်ရှိလာပြီဖြစ်သည်။






