32 C
Yangon

ရန်ကုန်တွင် နေ့/ညမပျက် ပေါ်တာဆွဲ ဖမ်းဆီးမှုများကြောင့် လူငယ်များ ပျောက်ဆုံးနေ၊ သံဖြူဇရပ်နှင့်ကံမမြို့တို့တွင် နေ့အချိန် အလုပ်သမားလူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေ

Must read

ရန်ကုန်၊ မတ် ၂၂

ရန်ကုန်တွင် နေ့/ညမပျက် ပေါ်တာဆွဲ ဖမ်းဆီးမှုများကြောင့် လူငယ်များပျောက်ဆုံးနေကြောင်း ပျောက်ဆုံးနေသော လူငယ်များ၏ မိဘဆွေမျိုးများနှင့် မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၉ ရက်နေ့ ည ၉ နာရီဝန်းကျင်အချိန် ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သည့် အသက် ၂၇ နှစ်အရွယ် မောင်လှိုင်ရဲထွန်းမှာ နေအိမ်မှ ပုဏ္ဏမီလမ်းထိပ်သို့ စက်ဘီးဖြင့် ခေတ္တထွက်သွားရာမှ အိမ်ပြန်မရောက်တော့ဘဲ ပျောက်ဆုံးသွားကြောင်း၊ နေအိမ်ဖြစ်သော ယုဇနဥယျာဉ်မြို့တော် အမှတ် ၅ လမ်း A ရှိ နေအိမ်မှ ပုဏ္ဏမီလမ်းထိပ်ဘက်သို့ စက်ဘီးဖြင့် သွားရောက်စဉ် ပျောက်ဆုံးသွားခဲ့ကြောင်း၊ယနေ့ မတ်လ ၂၂ ရက်နေ့အထိ ပြန်လည် မတွေ့ရတော့ကြောင်း မိဘဆွေမျိုးတစ်ဦးက ပြောဆိုသည်။

“ပုံမှန် သူအပြင်ရောက်နေရင် အိမ်ကို အမြဲအကြောင်းကြားတယ်။ မတ် ၁၉ ရက်နေ့ ည ၉ နာရီခွဲကတည်းက အဆက်အသွယ် ပြတ်သွားတာ။ အခုဒီနေ့အထိ ဘာအဆက်အသွယ်မှ မရတော့ဘူး။ သူငယ်ချင်းတွေဆီလည်းမလာဘူး၊ ဒီနေ့ဆိုရင် ပျောက်နေတာ ၃ ရက်ကျော်လာပြီ” ဟု မောင်လှိုင်ရဲထွန်း၏ ဆွေမျိုးတစ်ဦးက ပြောဆိုသည်။

အလားတူ မတ်လ ၁၁ ရက်နေ့ ညနေ ၃ နာရီ ၂၅ မိနစ်အချိန် ရန်ကုန်မြို့ရှိ Amethyst Co., Ltd တွင် တာဝန်ထမ်းဆောင်နေသည့် ကိုရဲမင်းဦး သည် အလုပ်ကိစ္စဖြင့် သွားရောက်စဉ် ပျောက်ဆုံးသွားခဲ့ကြောင်း၊ နောက်ဆုံးတည်နေရာ အဖြစ် ကမာရွတ်မြို့နယ်၊”ဂရန်းဟံသာ (Grand Hantha International Hospital)” အနီးတွင် ရှိနေခဲ့ကြောင်း၊ မပျောက်ဆုံးမီ မိခင်ဖြစ်သူနှင့် ဖုန်းဖြင့် ဆက်သွယ်မှုရှိခဲ့သော်လည်း ယင်းနေ့ ညနေ ၄ နာရီနောက်ပိုင်းမှစတင်၍ ဖုန်းရော လူပါ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“မိသားစုတွေရော လုပ်ဖော်ကိုင်ဖက်တွေရော အကုန်စိတ်ပူနေကြတယ်။ ရှာတာလည်း နှံ့နေပြီ ပျောက်တာကလည်း ၁၁ ရက်ကျော်လာပြီ”ဟု ပျောက်ဆုံးသူနှင့် ရင်းနှီးသော သူငယ်ချင်းဖြစ်သူက ရှင်းပြသည်။

အလားတူ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်း လူငယ်များ ပေါ်တာဆွဲ ခံနေရသည့်အပြင် စစ်မှုထမ်းကြေးအတွက် လစဉ်​ ငွေညှစ်ခံနေရကြောင်း သိရှိရသည်။

သံဖြူဇရပ်မြို့ပေါ် ရပ်ကွက်များတွင် အဆိုပါစစ်မှုထမ်းကြေး ကောက်ခံမှုများ ရပ်ဆိုင်းသွားပြီဖြစ်သော်လည်း ကျေးရွာများတွင်မူ ဆက်လက်ကောက်ခံနေဆဲ ဖြစ်ကြောင်း၊ စက်စဲနှင့် ရသေ့တောင်ကျေးရွာများတွင် စစ်မှုထမ်းကြေးများ ကောက်ခံနေကြောင်း၊ သံဖြူဇရပ်မြို့ပေါ်တွင်မူ လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးခံနေရကြောင်း သိရှိရသည်။

ယင်းအပြင် မကွေးတိုင်း၊ ကံမမြို့ရှိ “စိုပြေစတား” ရေသန့်စက်ရုံမှ အလုပ်သမားများကို စစ်တပ်က အလုပ်လုပ်နေစဉ် ပေါ်တာဆွဲ ဖမ်းဆီးသွားခြင်းကြောင့် စက်ရုံအား လုံးဝပိတ်သိမ်းလိုက်ရကြောင်း စက်ရုံပိုင်ရှင်ဖြစ်သူက လူမှုကွန်ရက်မှတစ်ဆင့် အသိပေးပြောကြားခဲ့သည်။

မတ်လ ၁၆ ရက်နေ့ ရေသန့်ပို့ဆောင်နေသည့် အလုပ်သမားများကို မွန်းလွဲ ၃ နာရီအချိန်ကြီးတွင် ကားပေါ်မှ ဆွဲချဖမ်းဆီးသွားခြင်းဖြစ်ပြီး၊ ယနေ့တိုင် ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း၊ ၎င်းအလုပ်သမားများ ပြန်လည်လွတ်မြောက်ရန် ကြိုးစားနေသော်လည်း အခက်တွေ့နေရကြောင်း သိရသည်။

စက်ရုံပိုင်ရှင်က “ကလေးတွေကို ရေပို့နေရင်းနဲ့ နေ့ခင်း ၃ နာရီကြီးမှာ ကားပေါ်ကနေ ဆွဲချသွားတာပါ။ အခုတော့ ဝန်ထမ်းလည်း မရှိတော့ဘူး၊ ကျန်တဲ့သူတွေလည်း မထွက်ရဲကြတော့လို့ စက်ရုံကို လုံးဝပိတ်လိုက်ရပါပြီ။ ကျွန်မတို့က မြို့ပေါ်က ဆေးရုံတွေ၊ ဘုန်းကြီးကျောင်းတွေကိုပါ ရေသန့်လှူနေတာပါ။ အခုလို ဖြစ်သွားတဲ့အတွက် သောက်သုံးသူအားလုံးကို အနူးအညွတ် တောင်းပန်ပါတယ်” ဟု စက်ရုံပိုင်ရှင်က လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းသင်တန်းများကို လစဉ်ဖွင့်လှစ်လျက်ရှိပြီး ၂၀၂၄ ခုနှစ် မေလမှ ယနေ့အချိန်အထိ စစ်မှုထမ်းအပတ်စဉ် ၂၃ အထိ ရှိလာပြီဖြစ်သည်။

ဓာတ်ပုံ- ရန်ကုန်တွင် ပျောက်ဆုံးနေသည့် ကိုရဲမင်းအောင်နှင့်မောင်လှိုင်ရဲထွန်း။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article