ရန်ကုန်၊ မတ် ၂၂
မြန်မာနိုင်ငံပြည်တွင်းမှ လူငယ်များကို ဗီယက်နမ်နိုင်ငံတွင် ပညာသင်ကြားစေပြီး ဂျပန်နိုင်ငံသို့ Tokutei (ကျွမ်းကျင်လုပ်သား) ဗီဇာဖြင့် ပို့ဆောင်ပေးမည်ဟုဆိုကာ BS Camp Japanese Language Academy က ကျောင်းသား ၁ ဦးလျှင် အမေရိကန်ဒေါ်လာ ၁,၅၀၀ စီ ကောက်ခံခဲ့သော်လည်း လက်တွေ့တွင် ပို့ဆောင်ပေးနိုင်ခြင်းမရှိဘဲ ကျောင်းသားပေါင်း ၁,၀၀၀ ကျော် အခက်အခဲကြုံတွေ့နေရကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံမှ ထက်အောင်နှင့် နန္ဒာအေးတို့ ပိုင်ဆိုင်သည့် BS Camp သည် ကျောင်းသား၊ ကျောင်းသူများကို ဗီယက်နမ်သို့ ခေါ်ယူခဲ့ပြီး ဂျပန်နိုင်ငံသို့ Tokutei ဗီဇာဖြင့် ပို့ဆောင်ပေးမည်ဟု ကတိပြုကာ ဒေါ်လာ ၁,၅၀၀ အပြင် အခြားသော ဝန်ဆောင်ခများကိုလည်း အဆမတန် တောင်းခံခဲ့သည်။
သို့သော် ယခုအခါ Tokutei ဖြင့် မပို့ဆောင်နိုင်တော့ကြောင်း ပြောဆိုကာ ကျောင်းသားများ ပြန်လည်တောင်းခံသည့် ငွေကြေးများကိုလည်း ပေးအပ်ခြင်းမရှိဘဲ ရိုင်းပြစွာ ဆက်ဆံနေကြောင်း သိရသည်။
BS Camp တာဝန်ရှိသူများသည် ၎င်းတို့၏ ပျက်ကွက်မှုများအတွက် မိတ်ဖက်ဖြစ်သော PGT Company သို့ လွှဲချနေပြီး ကျောင်းသားများ၏ မေးမြန်းချက်များကိုလည်း လုံးဝပြန်လည်ဖြေကြားခြင်း မရှိတော့ကြောင်း သိရှိရသည်။
“ကျောင်းသားပေါင်း ထောင်ကျော်ရှိတာမှာ အခုထိ အယောက် ၁၀၀ တောင် မပြည့်သေးဘူး။ Internship (အလုပ်သင်) နဲ့ပဲ ပို့ပေးနေတာ။ သူတို့က Internship ဆင်းရင် ကျောင်းလခ ဒုတိယနှစ်စာ ကျန်မယ်လို့ တွက်ပြပေမယ့် တကယ်တမ်း ဆင်းနေရတဲ့သူတွေဆီမှာ ဘာမှမကျန်ဘူး။ အလုပ်ကလည်း ၁၀ လကနေ ၁ နှစ်အထိ လုပ်ရမှာ” ဟု အခက်အခဲကြုံနေရသည့် ကျောင်းသားတစ်ဦးက ပြောသည်။
လက်ရှိတွင် COE (နေထိုင်ခွင့်လက်မှတ်) ကျထားသော်လည်း ဂျပန်သို့ မသွားရသေးသူ အများအပြားရှိနေပြီး၊ အချို့မှာ ငွေကြေးလိမ်လည်ခံရမှု၊ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်မှုများကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခများစွာ ရင်ဆိုင်နေရသည်။
ထို့ကြောင့် ကျောင်းသားအများအပြားမှာ BS Camp Japanese Language Academy မှ နုတ်ထွက်ကာ ကိုယ့်နည်းကိုယ်ဟန်ဖြင့် ရှင်သန်နေကြရပြီး အကူအညီများ အရေးပေါ်လိုအပ်နေသည်ဟု သိရသည်။
BS Camp Japanese Language Academy သည် ယခင်ကလည်း ဗီယက်နမ်တွင် ငွေလိမ်ခံရသည့် ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ခဲ့ပြီး ယခုအခါတွင်လည်း ကျောင်းသားထောင်ချီ၏ ဘဝများကို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ပစ်ပယ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက BS Camp Japanese Language Academy ထံသို့ ဆက်သွယ်မေးမြန်းသောအခါ အဆိုပါ ကျောင်းမှ တာဝန်ရှိသူ ထက်အောင်က ၎င်းတို့အနေဖြင့် မှန်မှန်ကန်ကန်လုပ်ဆောင်နေသည်ဟုဆိုသည်။
“BS Camp အနေနဲ့ ဗီယက်နမ်ကို ကျောင်းနဲ့ပို့လာတာ ၂၀၂၄ ခုနှစ် ၇ လပိုင်းထဲကပါ။ ဒီ Program မှာ တစ်နှစ်ပြည့်ပြီးနောက် ဒုတိယ စာသင်နှစ်မှာ N3 အောင်ရင် ဂျပန်ကို internship အလုပ်နဲ့စတင်မိတ်ဆက်ပေးပါတယ်။ အဲ့ဒီနောက်မှာ အင်တာဗျူးဖြေပြီး COE တင်တဲ့ process, visa ဝင်တဲ့ process တွေ ဆက်လုပ်ကြတာပါ။ ဒုတိယနှစ်ထဲမှာ ဂျပန်ကို internship သွားကြပါတယ်။ ဒီ Program ရဲ့အစီအစဉ်အရ ဂျပန်ကို internship နဲ့ သွား ပြီးရင် ဗီယက်နမ်ကိုပြန်လာပြီးမှ ဂျပန်ကို work visa (or) Tokutei visa တွေနဲ့ပြန်သွားရမှာပါ။ လက်ရှိအခြေအနေအရ ဗီယက်နမ်ဘက်မှာ Tokutei visa စစ်ဆေးတာ ကြန့်ကြာနေမှုကြောင့် Tokutei visa နဲ့ COE ရလာပြီးသားကျောင်း သားတွေကို တခြားလမ်းကြောင်းတွေနဲ့ အဆင်ပြေစွာ ဂျပန်ကိုပို့ ဆောင်ပေးနေပါတယ်။ တစ်ဖက်မှာလည်း ဂျပန်ပြည်တွင်းဘက် internship ကနေ ဗီဇာပြောင်းတဲ့ကိစ္စတွေ လုပ်ဆောင်နေပါတယ်။ ဗီယက်နမ်မှာ ကျောင်း သားတွေကို သူ့အသုတ်နဲ့သူ အလုပ်မိတ်ဆက်ပေးတာပါ။ ဒုတိယနှစ်ထဲဝင်ပြီး N3 အောင်တဲ့ကျောင်းသားကနေ စတင်ကာ အလုပ်မိတ်ဆက်တာဖြစ်ပါတယ်။ အခုအချိန်အထိ အင်တာဗျူးအောင်ပြီးသူ အယောက် ၃၀၀ ကျော်လာပါပြီ။ ဒါ့အပြင် ဂျပန်ရောက်ပြီးသူ အယောက် ၁၀၀ ကျော်ဖြစ်ပါတယ်။ ဒီကြားထဲ ဂျပန်သံရုံးဘက် ဗီဇာဝင်ထားတဲ့သူတွေလည်း ရှိနေပြီး ဗီဇာရပြီး ဂျပန်ထွက်ဖို့ စောင့်ဆိုင်းနေကြတဲ့သူ တွေလည်းရှိပါတယ်” ဟု BS Campမှ တာဝန်ရှိသူ ထက်အောင်က ရှင်းပြသည်။
အဆိုပါ အစီအစဉ်တွင် Tokutei visa ရရှိရေး ကြန့်ကြာနေသည်မှ လွဲပြီး ပုံမှန်လည်ပတ်နေကြောင်း၊ Tokutei visa က ဗီယက်နမ်မှာရှိသည့်ဂျပန်သံရုံးက စစ်ဆေးသည့်အတွက် ကြန့်ကြာမှုများရှိကြောင်း၊ ဂျပန်နိုင်ငံသို့ သွား ရောက်ခြင်းဖြစ်၍ မြန်မြန်ဆန်ဆန် မရောက်ကြောင်း၊ အချိန်ကာလအားဖြင့် ၄ လမှ ၆ လအထိ ကြာမြင့်ကြောင်း BS Camp မှ တာဝန်ရှိသူ ထက်အောင်က ပြောဆိုသည်။




