27 C
Yangon

ပုလဲမြို့နယ် မုံသွင်ကျေးရွာနှင့်မင်းတိုင်ပင်ကျေးရွာတို့ကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၂၀ ကျော် မီးလောင်ပြာကျ

Must read

ရန်ကုန်၊ မတ် ၂၃

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မုံသွင်ကျေးရွာကို စစ်တပ်က ဒရုန်းဖြင့် မီးလောင်ဗုံးများ ကျဲချတိုက်ခိုက်မှုကြောင့် နေအိမ် ၂၀ ကျော်နှင့် ကောက်ပဲသီးနှံတချို့ မီးလောင်ပြာကျခဲ့ကြောင်း စစ်ဘေးရှောင် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မတ်လ ၂၂ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်အချိန် ပုလဲမြို့နယ်ရှိ ချင်ပြစ်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းက မုံသွင်ကျေးရွာအတွင်းသို့ ဒရုန်းဖြင့် မီးလောင်ဗုံးများ ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း ကျေးရွာအတွင်းရှိ နေအိမ် ၂၅ လုံးခန့် မီးလောင်ပြာကျသွားပြီး ကောက်ပဲသီးနှံတချို့လည်း မီးလောင်ပျက်စီးသွားကြောင်း သိရှိရသည်။

စစ်တပ်တပ်စွဲထားသော ချင်ပြစ်ကျေးရွာနှင့် မုံသွင်ကျေးရွာသည် တစ်မိုင်ခန့်သာ ဝေးကွာပြီး အကြမ်းဖက်စစ်တပ် စစ်ကြောင်းက အင်အား ၂၅၀ ခန့်ဖြင့် ချင်ပြစ်ကျေးရွာတွင် ၂၅ ရက်ကြာ တပ်စွဲထားခြင်းဖြစ်ကြောင်း၊ ယခင်ရက်ပိုင်းအတွင်း တော်လှန်ရေးတပ်များနှင့်စစ်တပ်အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဇီးဖြူကုန်း ပျူစောထီးရွာမှ စစ်တပ်က ချင်ပြစ်ရွာဘက်သို့ အင်အားများ ထပ်မံပူးပေါင်းကာ လေယာဉ်ဖြင့် ရိက္ခာခဲယမ်းထုပ်များ ချပေးသည်မှာ ၄ ကြိမ်ခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုများနှင့် စစ်ကြောင်းများကြောင့် လက်ရှိအချိန် မုံသွင်ရွာ၊ လှိုင်းရွာ၊ ရနောင်၊ ကြာစည်၊ မြောက်ပိတောက်ကုန်း ကျေးရွာတို့မှ ပြည်သူ ၄၀၀၀ ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

” စစ်ခွေးတွေက မုံသွင်ရွာအနောက်ဘက် ချင်ပြစ်ရွာဘက်မှာ ရောက်ရှိနေတာ ၂၅ ရက်ခန့် ရှိပါပြီ။ မနေ့ညက ဒရုန်းနဲ့ မီးလောင်ဗုံး ကျဲချတာလို့ ရွာခံအနီးအနားနေသူတွေက ပြောပြပါတယ်။ သိပြီးနောက်ပိုင်းမှာ ရွာသူရွာသားများက မီးကို ဝိုင်းဝန်းငြိမ်းသတ်ကြရတယ်။ ညက မီးငြိမ်းသတ်စဉ် ရေတွက်ကြည့်တာက ၂၅ အိမ်ဝန်းကျင်နဲ့ ကောက်ပဲသီးနှံ ထည့်ထားတဲ့ အိမ်တွေပါ မီးထဲပါသွားတယ်။ ပြည်သူတွေ တိမ်းရှောင်နေကြရတာ ၂၅ ရက်ဝန်းကျင် ရှိပါပြီ။ ” ဟု စစ်ဘေးရှောင် ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်တပ်က မင်းတိုင်ပင်ကျေးရွာအတွင်း နေအိမ်များကို မီးရှို့ဖျက်ဆီးမှုနှင့် ဂျက်ဖိုက်တာများဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၁၀၀ ကျော်ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထိုကျေးရွာသည် အင်မထီး ပျူစောထီးရွာနှင့် ၂ မိုင်ခန့်ကွာဝေးပြီး မြောက်ဘက်တွင် ဇီးဖြူကုန်း ပျူစောထီးရွာ အကြားတွင်ရှိ၍ ပြည်သူများ ကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် စိုးရိမ်ပူပန်နေရကြောင်း သိရှိရသည်။

မင်းတိုင်ပင်ကျေးရွာတွင် စစ်တပ်က ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့မှစတင်၍ အင်အား ၈၀ ခန့်ဖြင့် ပူးပေါင်းတပ်စွဲထားသည်မှာ ၈ လခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင်လည်း အကြမ်းဖက်စစ်တပ်က ကျေးရွာအတွင်း အထိုင်ချတပ်စွဲထားသောကြောင့် ကျေးရွာအတွင်း နေထိုင်သော ပြည်သူ ၁၀၀၀ ခန့်မှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၁၀ လခန့် ကြာမြင့်နေပြီဖြစ်ပြီး အရေးပေါ် စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

” စစ်ခွေးတွေက ဝင်ထိုင်နေတော့ ရွာသားတွေဟာ လွတ်ကင်းရာ နေရာမှာ တိမ်းရှောင်နေကြတာ ၁၀ လပြည့်ပါတော့မယ်။ လူနေ ၈၀ အိမ်နဲ့ အခြားနေရာတွေက စုစုပေါင်း ၂၀ ဝန်းကျင် (ဂျက်ဖိုက်တာ ကျဲလို့ ပျက်စီးတဲ့ အိမ်တွေပါ အပါအဝင်ဆိုရင်) ၁၀၀ အထက် ရှိမယ်။ မီးရှို့ခံရတာ ပျက်စီးတာ။ မင်းတိုင်ပင်ရွာက စစ်ရှောင်တွေကလည်း မုံသွင်ရွာ အရှေ့ဘက်က လမ်းမကြီးတစ်လျှောက် စစ်ဘေးရှောင်နေရတာ ကိုးလကျော်လို့ ၁၀ လပြည့်ပါတော့မယ်။ စစ်ရှောင်နေရတာ ပုလဲနယ်နဲ့ ယင်းမာပင်နယ် နှစ်ခုပေါင်းရင် သောင်းဂဏန်း ရှိပါမယ်” ဟု စစ်ဘေးရှောင် ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article