27 C
Yangon

မြန်မာတော်လှန်ရေးတပ်ဖွဲ့များထံသို့ စစ်ဘက်ဆိုင်ရာ နည်းပညာနှင့် သင်တန်းများ ပံ့ပိုးခဲ့ဟု ဖမ်းဆီးခံရသည့် နိုင်ငံခြားသားများက အိန္ဒိယထောက် လှမ်းရေးNIA ထံတွင် ဝန်ခံထွက်ဆို

Must read

ရန်ကုန်၊ မတ် ၂၃

ကချင်၊ ချင်းနှင့်ရခိုင် အပါအဝင် မြန်မာတော်လှန်ရေးတပ်ဖွဲ့များထံသို့ စစ်ဘက်ဆိုင်ရာ နည်းပညာနှင့် သင်တန်းများ ပံ့ပိုးခဲ့ဟု ဖမ်းဆီးခံရသည့် နိုင်ငံခြားသားများက အိန္ဒိယထောက်လှမ်းရေးNIA ထံတွင် ဝန်ခံထွက်ဆိုကြောင်း အိန္ဒိယမှလာသော သတင်းများအရ သိရှိရသည်။

အိန္ဒိယနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် အမေရိကန်ကြေးစားစစ်သား Matthew Aaron VanDyke နှင့် ယူကရိန်းနိုင်ငံသား (၆) ဦးတို့သည် မြန်မာနိုင်ငံအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအား စစ်သင်တန်းပေးခြင်းနှင့် ဥရောပမှ ဒရုန်းနှင့် လိုင်းနှောင့်ယှက်ရေး (Jamming) ပစ္စည်းများကို အိန္ဒိယမှတစ်ဆင့် တရားမဝင်တင်သွင်းခဲ့ကြောင်း အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) ထံ ဝန်ခံထွက်ဆိုလိုက်သည်ဟု သိရှိရသည်။

အဆိုပါ ထွက်ဆိုချက်များကို NIA က တရားရုံးတွင် ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့သည် ကမ္ဘာလှည့်ခရီးသွားဗီဇာကို အကာအကွယ်ယူ၍ ဥရောပမှ နည်းပညာမြင့်ပစ္စည်းများကို မှောင်ခိုသွင်းကာ နယ်စပ်ဖြတ်ကျော်ပြီး မြန်မာ နိုင်ငံအတွင်းရှိ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များထံသို့ သွား ရောက်ကာ ဒရုန်းတပ်ဆင်ခြင်း၊ တိုက်ခိုက်ခြင်းနှင့် အချက်ပြစနစ်နှောင့်ယှက်ခြင်းဆိုင်ရာ သင်တန်းများ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများအနက် အမေရိကန်နိုင်ငံသား VanDyke သည် “Sons of Liberty International” အဖွဲ့ကို တည်ထောင်သူဖြစ်ပြီး လစ်ဗျား၊ ဆီးရီးယားနှင့် ယူကရိန်းစစ်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့သူဖြစ်သည်။

၎င်းသည် တိုက်ပွဲအတွေ့အကြုံရှိသော ယူကရိန်းစစ်ပြန်များကို စုဆောင်းကာ မြန်မာ့တော်လှန်ရေးတပ်ဖွဲ့များထံ နည်းပညာတင်ပို့ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ အိန္ဒိယအာဏာပိုင်များအနေဖြင့် ယခုဖြစ်စဉ်သည် အိန္ဒိယအရှေ့မြောက်ပိုင်းရှိ တရားမဝင်လက်နက်ကိုင်အဖွဲ့များဖြစ်သော ULFA နှင့် NSCN တို့နှင့် ဆက်နွှယ်နေမည်ကို အထူးစိုးရိမ်လျက်ရှိသည်။

မြန်မာနိုင်ငံအတွင်း သင်တန်းပေးမှုများသည် အိန္ဒိယနယ်စပ်တစ်လျှောက်ရှိ လက်နက်ကိုင်လှုပ်ရှားမှုများကို ပြန်လည်အရှိန်မြင့်လာစေနိုင်သည့် “ပြောင်းပြန်စီးဆင်းမှု” (Reverse-flow) အန္တရာယ်ရှိနေကြောင်း လုံခြုံရေးအေဂျင်စီများက သတိပေးထားသည်။

ရုရှားထောက်လှမ်းရေး၏ သတင်းပေးမှုကြောင့် (၃) လကြာ စောင့်ကြည့်ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တရားခံ ၇ ဦးကို မတ်လ ၂၇ ရက်နေ့အထိ NIA က ထိန်းသိမ်းထားပြီး ပြင်းထန်သည့် အကြမ်းဖက်မှုတားဆီးရေးဥပဒေ (UAPA) ဖြင့် တရားစွဲဆိုထားသည်။

အာဏာပိုင်များသည် မီဇိုရမ်နှင့် အာသံပြည်နယ်အတွင်းရှိ ၎င်းတို့အား ကူညီခဲ့သည့် ဒေသခံပွဲစားများကို လိုက်လံရှာဖွေနေကြောင်း၊ မူလအဖွဲ့ဝင် ၁၄ ဦးအနက် ကျန်ရှိနေသေးသည့် ၈ ဦးကိုလည်း ဆက်လက်ခြေရာခံနေဆဲဖြစ်ကြောင်း သိရှိရသည်။

ယူကရိန်းအစိုးရဘက်မှမူ ဤအမှုသည် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုကာ သံတမန်ရေးအရ ကန့်ကွက်ထားသော်လည်း၊ အိန္ဒိယဘက်ကမူ ၎င်းတို့၏ နယ်စပ်ဒေသလုံခြုံရေးကို ထိပါးလာသည့် မည်သည့်နိုင်ငံခြားသား ကြေးစားစစ်သားများကိုမဆို ပြတ်ပြတ်သားသား အရေးယူသွားမည်ဖြစ်ကြောင်း တုံ့ပြန်ထားသည်။

ဓာတ်ပုံ- ဖမ်းဆီးခံရသူများအနက် တစ်ဦးအပါအဝင်ဖြစ်သော အမေရိကန်နိုင်ငံသား Matthew Aaron VanDyke ကိုတွေ့ရစဉ်။

(The Pioneer သတင်းစာက ဖော်ပြထားသည့် NIA investigation: Foreign nationals confess to arming Myanmar groups ကို ဆီလျှော်အောင်ဘာသာပြန်ဆိုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article