ရန်ကုန်၊ မတ် ၂၃
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ၃ လအတွင်း စစ်စခန်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်မှုထမ်း တပ်သားသစ် ၄၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စတင်၍ မတ်လ အထိ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၂ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်လက်နက် ပစ္စည်း အမြှောက်အများကို သိမ်းဆည်း နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်မှုထမ်း ဥပဒေ ကြောင့် ဖမ်းစီးကာ စစ်မှုထမ်း စေခိုင်းခြင်းခံထားရသော ပြည်သူ့စစ်မှုထမ်း တပ်သား ၄၁ ဦးသည်လည်း ကေအဲန်ယူ-လယ်ဒို (ကျောက်ကြီး)မြို့နယ်သို့ အလင်းဝင်လာသည့်အပေါ် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးက ချမှတ်ထားသည့် စစ်သုံးပန်း လုပ်ငန်းစဉ် နှင့်အညီစီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
လက်ရှိချိန်ကာလသည် အကြမ်းဖက် စစ်တပ်က ကျောက်ကြီးမြို့နယ်အတွင်း ပြည်သူလူထုများ အပေါ် ဝေဟင်၊ မြေပြင် နည်းလမ်းပေါင်းစုံဖြင့် လူ့မဆန်သည့် လုပ်ရပ်များစွာ လူ့အခွင့်အရေးများချိုးဖောက်နေဆဲဖြစ်ပြီး ၎င်းတို့၏ လုပ်ရပ်များကြောင့် လယ်ဒိုမြို့နယ် အတွင်း ရှိ အပစ်မဲ့ပြည်သူ ၃၈ ဦးသေဆုံးကာ ၃၅ ဦး ပြင်းထန် ဒဏ်ရာရရိခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာပေါင်း ၁၃ ခုမှ အိမ်ခြေ ၁၂၇ လုံးရှိ လူဦးရေ ၅၈၇၀ ဦးခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူများကို လယ်ဒို(ကျောက်ကြီး)မြို့နယ် တာဝန်ရှိ ခေါင်းဆောင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ကျေးရွာတာဝန်ရှိခေါင်းဆောင်များတို့နှင့် ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများအားပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအကျိုးကို ဖျက်ဆီးလုပ်ဆောင်နေသည့် အကြမ်းဖက် စစ်တပ်၏ လူသားမဆန်သည့် လုပ်ရပ်များကို ဆုံးခန်းတိုင် ဆန့်ကျင်သွားမည်ဖြစ်ပြီး ပြည်သူလူထုများအနေဖြစ် ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံးနှင့်အတူ မဝေးသော ရည်မှန်းချက်ပန်းတိုင်းသို့ နည်းလမ်းပေါင်းစုံဖြင့် ပူးပေါင်း ပါဝင် ကြပါရန် KNU ဗဟိုက ပြောဆိုထားသည်။
ထို့ပြင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် ကင်းပတ်ရန် ထွက်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၂၂ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်တပ်စခန်းမှ ဆိပ်ဖြူ-ကပစ၂၂ လမ်းပိုင်းသို့ ကင်းပတ်ရန် ထွက်လာသော အင်အား ၃၀ ခန့်ပါ စစ်ကြောင်းမှ ရှေ့ပြေး စစ်သား ၇ ဦးကို ချတောက်ကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး သေစာရင်း ထပ်တိုး သေဆုံးတာမျိုးတော့ မရှိပါဘူး။ ဆေးရုံမှာတော့ ခြေပြတ် လက်ပြတ်တွေ ရောက်တယ်လို့ ပြောတာတော့ရှိပါတယ်။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲပါတယ်” ဟု ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မူကို ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ပခုက္ကူခရိုင်၊အမှတ်၄တပ်ရင်း၊တပ်ခွဲ၃ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။





