28 C
Yangon

မြန်မာပြည်တွင် အမေရိကန် CIA ၏ လှုပ်ရှားမှုများမှာ အသစ်အဆန်းမဟုတ်တော့သော်လည်း အိန္ဒိယအနေဖြင့် ကြိုတင်ပြင်ဆင်သင့်ဟုဆို

Must read

ရန်ကုန်၊ မတ် ၂၈

မြန်မာပြည်တွင် အမေရိကန် ထောက်လှမ်းရေး-CIA ၏လှုပ်ရှားမှုများမှာ အသစ်အဆန်းမဟုတ်တော့သော်လည်း အိန္ဒိယအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်သင့်ကြောင်း India Narrative က အမြင် သဘောထားဖော်ထုတ်ရေးသားထားသည်။

မကြာသေးမီက ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦးတို့ကို ဖမ်းဆီးရမိခြင်းက အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် အမေရိကန်၏ လျှို့ဝှက်လှုပ်ရှားမှုများအပေါ် ငြင်းခုံဆွေးနွေးမှုများ ဖြစ်ပေါ်စေခဲ့သည်။

လျှို့ဝှက်အရေးယူဆောင်ရွက်ရန် ကြိုးပမ်းသည်ဟု သံသယရှိရသော ဤဖြစ်ရပ်သည် ပေါ်ထွက်လာသည့် စိုးရိမ်ဖွယ်ရာအချက်နှစ်ချက်ကြောင့် အရေးပါနေသည်။ ပထမအချက်မှာ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအလွန် အခြေအနေဖြစ်ပြီး၊ ဒုတိယအချက်မှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အတွက် တရုတ်နိုင်ငံ၏ တိုးမြှင့်တွန်းအားပေးလာမှု ဖြစ်သည်။

အမေရိကန်သည် ၂၀၂၁ ခုနှစ် ဒီမိုကရေစီအစိုးရကို ဖြုတ်ချခဲ့သည့် အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ကာ ၎င်း၏ရပ်တည်ချက်ကို ခိုင်မာစေခဲ့သည်။ အစပိုင်းတွင် စစ်ကောင်စီကို ဝေဖန်ခြင်းနှင့် စစ်ခေါင်းဆောင်များကို ပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့သော်လည်း၊ တစ်နှစ်အတွင်း ဖိအားများကို တိုးမြှင့်ခဲ့ပြီး မြန်မာ့အရေးတွင် ပိုမိုပါဝင်လိုကြောင်း ဖော်ပြခဲ့သည်။

၂၀၂၂ ခုနှစ်တွင် အမေရိကန်က BURMA Act ကို အတည်ပြုခဲ့ပြီး၊ ၎င်းသည် စစ်ကောင်စီအပေါ် ပစ်မှတ်ထားပိတ်ဆို့ရန်နှင့် ပြည်သူများအား လူသားချင်းစာနာမှုအကူအညီများ ပေးရန် ခွင့်ပြုထားသည်။

ဤအက်ဥပဒေ၏ အဓိကအချက်နှစ်ချက်မှာ လူသားချင်းစာနာမှု အကူအညီပေးခြင်းနှင့် အရပ်ဘက်အဖွဲ့အစည်းများကို ရန်ပုံငွေထောက်ပံ့ခြင်းဖြစ်ပြီး၊ ယင်းက တရုတ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် အမေရိကန်အား လျှို့ဝှက်စစ်ဆင်ရေးများ စီစဉ်ဆောင်ရွက်နိုင်စေသည်။

အမေရိကန်အနေဖြင့် လျှို့ဝှက်စစ်ဆင်ရေးများကို တိုးချဲ့ရန် ရည်ရွယ်ခြင်းမှာ ယခုမှ မဟုတ်ပေ။ ယခင် SAD ဟုခေါ်ပြီး ယခု SAC ဟုခေါ်သော CIA ၏ အထူးလှုပ်ရှားမှုဌာနသည် တရုတ်ကို တန်ပြန်လျှို့ဝှက်အရေးယူရန်အတွက် စစ်အေးတိုက်ပွဲကာလကတည်းက မြန်မာနိုင်ငံတွင် လှုပ်ရှားခဲ့ဖူးသည်။

၁၉၄၉ ခုနှစ် တရုတ်ပြည်တွင်းစစ်တွင် ကွန်မြူနစ်များ အနိုင်ရပြီးနောက်၊ ရှုံးနိမ့်သွားသော ကူမင်တန် (KMT) တပ်များမှာ နယ်စပ်ကိုဖြတ်၍ မြန်မာနိုင်ငံထဲသို့ ထွက်ပြေးခဲ့ကြသည်။ CIA က ယင်းကို အမျိုးသားရေးအင်အားစုများကို ပြန်လည်အသက်သွင်းရန်နှင့် တရုတ်ကို တိုက်ရန် ဒုတိယစစ်မျက်နှာဖွင့်ရန် အခွင့်အရေးအဖြစ် မြင်ခဲ့သည်။

ယင်းသည် နည်းဗျူဟာရော မဟာဗျူဟာအရပါ အရေးပါသည့် လှုပ်ရှားမှုဖြစ်သည်၊ အကြောင်းမှာ ထိုစဉ်က အမေရိကန်သည် ကိုရီးယားစစ်ပွဲတွင် တရုတ်နှင့် ရင်ဆိုင်နေရသောကြောင့်ဖြစ်သည်။ ထို့ပြင် ဒုတိယစစ်မျက်နှာဖွင့်ခြင်းဖြင့် အနာဂတ်တွင် တရုတ်၏ ရေကြောင်းအင်အား တိုးချဲ့မှုကို ဟန့်တားနိုင်မည့် မဟာဗျူဟာမြောက် အားသာချက်လည်း ရှိခဲ့သည်။

CIA သည် “Operation Paper” ကို စတင်ကာ ကူမင်တန်တပ်များကို ရန်ပုံငွေနှင့် သင်တန်းများ ပေးခဲ့ပြီး ကူမင်တန်နှင့် ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်များ (ကရင်နှင့် ရှမ်းကဲ့သို့) ကြား မဟာမိတ်ဖြစ်အောင် စီစဉ်ပေးခဲ့သည်။ CIA ၏ ရည်ရွယ်ချက်မှာ ရှင်းပါသည် – တရုတ်ပြည်တွင် တော်လှန်ရေးပြန်စရန်နှင့် မြန်မာနိုင်ငံတွင် ဒုတိယစစ်မျက်နှာဖွင့်ရန်ဖြစ်သည်။

သို့သော် CIA ၏ ရည်မှန်းချက်များမှာ ထင်သလောက် ခရီးမပေါက်ဘဲ ကျရှုံးခဲ့ရသည်။ အကြောင်းမှာ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ကူမင်တန်တပ်များသည် ကွန်မြူနစ်များကို တိုက်ခိုက်ခြင်းထက် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးကိုသာ ပို၍ စိတ်ဝင်စားခဲ့ကြသောကြောင့် ဖြစ်သည်။

အဓိက ကျရှုံးမှုမှာ ၁၉၆၁ ခုနှစ်တွင် မြန်မာအစိုးရက လျှို့ဝှက်ဆက်သွယ်မှုများကို ကြားဖြတ်ဖမ်းယူမိပြီး ကူမင်တန်များအတွက် ရိက္ခာချပေးသည့် လေယာဉ်တစ်စီးကို သိမ်းဆည်းမိလိုက်ချိန်တွင် ဖြစ်ပွားခဲ့သည်။

မြန်မာအစိုးရက ယင်းကို အချုပ်အခြာအာဏာ ထိပါးမှုနှင့် လုံခြုံရေးခြိမ်းခြောက်မှုဟု ရှုမြင်ခဲ့ပြီး လုံခြုံ ရေးအာမခံချက်အတွက် ကွန်မြူနစ်တရုတ်နှင့် ပိုမိုနီးစပ်သွားစေခဲ့သည်။ စစ်အေးတိုက်ပွဲ အထမြင့်ဆုံးကာလတွင် အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများသည် နာမည်ကျော် ရွှေတြိဂံဒေသမှတစ်ဆင့် မူးယစ်ဂိုဏ်းများနှင့် ဆက်ဆံရေးကို ထိန်းသိမ်းရန်နှင့် အဓိကအားဖြင့် တရုတ်စစ်ဘက် ဆက်သွယ်မှုများကို ကြားဖြတ်နားထောင်ရန်အတွက် နားထောင်မှုစခန်းများနှင့် မဟာဗျူဟာမြောက် အခြေစိုက်စခန်းအချို့ကို တည်ထောင်ခဲ့ကြသည်။

အမေရိကန် မဟာဗျူဟာနှင့် လုံခြုံရေးအသိုက်အဝန်း၏ ထောက်လှမ်းရေးကဏ္ဍတွင် အသည်း အသန်ဖြစ်နေမှုမှာ ပို၍ ထင်ရှားလာသည်။ အထူးသဖြင့် ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် ကြေးစားစစ်သားဟောင်း အမေရိကန်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိမှုက သက်သေပြနေသည်။

၎င်းသည် တိုင်းရင်းသားလက်နက်ကိုင်များကို သင်တန်းပေးရန် အိန္ဒိယမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့သည်ဟု ယူဆရသည်။ အကယ်၍ CIA က ၎င်း၏ လျှို့ဝှက်စစ်ဆင်ရေးများကို ပြန်လည်အသက်သွင်းမည်ဆိုလျှင် အကြောင်းရင်းနှစ်ချက် ရှိနိုင်သည်။

ပထမမှာ မြန်မာ့ရွေးကောက်ပွဲနှင့် CMEC ဖွံ့ဖြိုးတိုးတက်လာမှုနောက်ပိုင်း တရုတ်၏ မဟာဗျူဟာနှင့် စီးပွားရေးဩဇာ တိုးတက်လာခြင်းဖြစ်သည်။ ဒုတိယမှာ စစ်ကောင်စီကို မတည်မငြိမ်ဖြစ်အောင်လုပ်ပြီး တရုတ်အပေါ် မှီခိုနေရမှုကို လျှော့ချရန် ကြိုးပမ်းခြင်းဖြစ်သည်။

အမေရိကန် ထောက်လှမ်းရေး၏ အသည်းအသန်ဖြစ်မှုသည် ဂရိဖ် (Gulf) ဒေသတွင် အမေရိကန်၏ အကျိုးစီးပွားများအပေါ် တရုတ်၏ လျှို့ဝှက်ဝင်ရောက်စွက်ဖက်မှုများကြောင့်လည်း ဖြစ်သည်။

တရုတ်သည် အရှေ့အလယ်ပိုင်းတွင် အစားထိုးအင်အားစုအဖြစ် ရပ်တည်ရန် ကြိုးပမ်းနေပြီး၊ CIA ညွှန်ကြားရေးမှူး၏ ပြောကြားချက်အရ အီရန်ကိုပင် မဟာဗျူဟာမြောက် ထောက်ပံ့မှုများ ပေးနေသည်ဟု ဆိုသည်။

အမေရိကန်၏ လွှမ်းမိုးမှုကို စိန်ခေါ်လာခြင်းက တရုတ်ကို တန်ပြန်ရန် အကြောင်းပြချက် ပိုခိုင်မာစေသည်။ အမေရိကန်အတွက် မြန်မာနိုင်ငံသည် တရုတ်ကို ရေရှည်တန်ပြန်ရန်အတွက် မဟာဗျူဟာမြောက် နေရာတစ်ခုဖြစ်သည်။ သို့သော် ဤလျှို့ဝှက်ရင်ဆိုင်မှုများ၏ အကျိုးဆက်သည် အိန္ဒိယ၏ လုံခြုံရေးတွက်ချက်မှုအပေါ် တိုက်ရိုက်သက်ရောက်စေသည်။

လက်နက်ကိုင်များကို သင်တန်းပေးခြင်းနှင့် လက်နက်ခဲယမ်း၊ ရန်ပုံငွေများကို လျှို့ဝှက်ထောက်ပံ့ခြင်းတို့သည် အိန္ဒိယ၏ အရှေ့မြောက်ပိုင်း (အထူးသဖြင့် မဏိပူရ) လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာသည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်များသည် ထောက်ပံ့မှုနှင့် သင်တန်းများရရှိပါက မဏိပူရတွင် တင်းမာမှုများကို ပြန်လည်ဖြစ်ပေါ်စေပြီး လက်နက်နှင့် မူးယစ်ဆေးဝါးမှောင်ခိုမှု ကွန်ရက်များကို ရှုပ်ထွေးစေနိုင်သည်။ မြန်မာနိုင်ငံသည် လျှို့ဝှက်စစ်မြေပြင် ဖြစ်လာနေသဖြင့် အိန္ဒိယအနေဖြင့် လက်တွေ့ကျကျ ချဉ်းကပ်ကာ မိမိ၏ ဦးစားပေးလုပ်ငန်းစဉ်များကို ရှင်းရှင်းလင်းလင်း သတ်မှတ်ရပါမည်။

အိန္ဒိယအနေဖြင့် နှစ်ဖက်စလုံးအပေါ် တန်းတူအလေးထားသည့် ပိုမိုထက်မြက်သော ဟန်ချက်ညီမှုတစ်ခု လိုအပ်သည်။ တိုင်းရင်းသားလက်နက်ကိုင်များအပေါ် လက်နက်နှင့် ကုန်သွယ်ရေးဖြင့် ထိန်းချုပ်ထားသော တရုတ်ပွဲစားများအပေါ် မှီခိုနေရမှု လျှော့ချရန်အတွက် ၎င်းတို့နှင့် စီးပွားရေး၊ လော့ဂျစ်စတစ် (logistics) ပိုင်းအရ ခိုင်မာစွာ ထိတွေ့ဆက်ဆံရမည်။ ရက္ခိုင့်တပ်တော် (AA) အတွက် မီဇိုရမ်မှတစ်ဆင့် အိန္ဒိယဈေးကွက်သို့ ဝင်ရောက်နိုင်ခြင်းမှာ တရုတ်အတွက် မဟာဗျူဟာမြောက် အစားထိုးစရာဖြစ်ပြီး အိန္ဒိယအတွက် လက်နက်ကိုင်များနှင့် ဆက်ဆံရေး နက်ရှိုင်းစေရန် ကူညီပေးနိုင်သည်။

အခြားတစ်ဖက်တွင်လည်း ရိုဟင်ဂျာအကြမ်းဖက်သမားများဆိုင်ရာ ထောက်လှမ်းရေးသတင်းများ ဝေမျှခြင်း၊ လက်နက်ခဲယမ်းနှင့် စစ်ဘက်ဆိုင်ရာ အကူအညီများပေးခြင်းဖြင့် စစ်ကောင်စီအပေါ် ဩဇာလွှမ်းမိုးမှုကို ထိန်းသိမ်းထားရမည်။ သို့သော် ဗိုလ်ချုပ်ကြီးများသည် မကြာမီ ရွေးကောက်ပွဲမှတစ်ဆင့် တရားဝင်မှုရရှိလာနိုင်သဖြင့် အိန္ဒိယအနေဖြင့် အင်အားစုနှစ်ရပ်လုံးနှင့် မဟာဗျူဟာမြောက် ကြားဝင်ဆောင်ရွက်ရန် ပြင်ဆင်ထားရမည်။

အိန္ဒိယအနေဖြင့် ဆွေးနွေးညှိနှိုင်းနိုင်စွမ်းသာမက အလဲအလှယ်လုပ်နိုင်စွမ်းပါ ခိုင်မာသည့် ပိုမိုပြတ်သားပြီး စွန့်စားရသည့် လက်တွေ့ကျသော လုပ်ဆောင်ချက်များ လိုအပ်သည်။ ရွေးကောက်ပွဲအပြီးတွင် တရုတ်သည် မြန်မာပြည်တွင် ဩဇာပိုမိုချဲ့ထွင်လာမည်ဖြစ်ရာ ယင်းက အိန္ဒိယ၏ ဩဇာနှင့် ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် အိန္ဒိယအနေဖြင့် လိုအပ်ပါက အင်အား (Hard Power) ကို အသုံးပြု၍သော်လည်းကောင်း ဆွေးနွေးညှိနှိုင်းမှုဆိုင်ရာ လက်နက်အားလုံးကို အဆင်သင့်ရှိနေစေရပါမည်။

(India Narrative ကဖော်ပြထားသည့် CIA’s Desperation In Myanmar Is Not New, India Must Prepare For Covert Circus ကို ဆီလျှော်အောင် ဘာသာ ပြန်ဆိုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article