ရန်ကုန်၊ မတ် ၂၅
ယူကရိန်းစစ်ပွဲမှ ရရှိလာသော ရုရှား၏ လေကြောင်းအင်အား၊ ထောက်လှမ်းရေးနည်းပညာနှင့် စစ်မြေပြင်ဗျူဟာများသည် ၆ နှစ်ထဲသို့ ချဉ်းကပ်လာပြီဖြစ်သော မြန်မာ့ပြည်တွင်းစစ်တွင် စစ်ကောင်စီဘက်က အသာစီးရလာစေရန် ကူညီပေးနေသည်။
မြန်မာစစ်ဗိုလ်ချုပ်များအပေါ်တွင် တရုတ်နိုင်ငံက သြဇာအရှိဆုံးဖြစ်သော်လည်း၊ ရုရှားလုပ် တိုက် လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် ဒရုန်းများသည် စစ်ကောင်စီတပ်ကို စစ်မြေပြင်တွင် အဆုံးအဖြတ်ပေးနိုင်သည့် အသာစီးရမှုကို ပေးအပ်ထားသည်။
စင်ကာပူအခြေစိုက် ISEAS-Yusof Ishak Institute မှ အကြီးတန်းသုတေသနအရာရှိ Ian Storey က မော်စကိုသည် မြန်မာစစ်ကောင်စီ၏ အရေးအကြီးဆုံး ကာကွယ်ရေးမိတ်ဖက် ဖြစ်လာကြောင်း ဆိုသည်။
ရုရှားလက်နက်များသည် တော်လှန်ရေးအဖွဲ့များကိုသာမက စာသင်ကျောင်းနှင့် ဆေးရုံများကဲ့သို့ အရပ်သားပစ်မှတ်များကိုပါ ပြင်းထန်စွာ ထိခိုက်စေခဲ့ပြီး သေဆုံးသူဦးရေမှာလည်း ထိတ်လန့်ဖွယ်ကောင်းလှကြောင်း ၎င်းက ပြောကြားခဲ့သည်။
နည်းပညာနှင့် စစ်သုံးပစ္စည်းများအပြင် စစ်ခေါင်းဆောင်များက ရုရှား၏ “Meat Assaults” ဟု ခေါ်သည့် စစ်နည်းဗျူဟာကိုပါ လက်ခံအသုံးပြုနေကြောင်း တွေ့ရသည်ဟု Storey က ပြောသည်။ အဆိုပါနည်းဗျူဟာမှာ စစ်သားများကို အုပ်စုလိုက် လှိုင်းပုံစံဖြင့် ရန်သူကာကွယ်ရေးလိုင်းများထံသို့ တိုက်ခိုက်ပို့ဆောင်ခြင်းဖြစ်ပြီး ထိခိုက်ဆုံးရှုံးမှုများကို များစွာ မစဉ်းစားထားခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်တွင် စတင်ခဲ့သော စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီတပ်တွင် စစ်သည်အသစ် ၁ သိန်းနီးပါး တိုးပွားလာပြီး ယင်းဗျူဟာအတွက် လိုအပ်သော လူသားဓားစာခံများရရှိလာခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ် မြန်မာ့အာဏာသိမ်းမှုနှင့် တစ်နှစ်အကြာ ယူကရိန်းကို ရုရှားကျူးကျော်မှုတို့သည် ပိတ်ဆို့အရေးယူခံထားရသော ဤနှစ်နိုင်ငံကို ပိုမိုနီးကပ်စေခဲ့သည်။ မြန်မာစစ်ကောင်စီသည် ရုရှား၏ ယူကရိန်းစစ်ပွဲကို အပြည့်အဝထောက်ခံသည့် တစ်ခုတည်းသော အရှေ့တောင်အာရှနိုင်ငံ ဖြစ်လာခဲ့ပြီး၊ ရုရှားဘက်သို့ မော်တာကျည်များနှင့် တင့်ကားပစ်မှတ်ရှာစနစ်များ ပြန်လည်ကူညီပေးခဲ့ကြောင်း သိရသည်။
ယူကရိန်းထောက်လှမ်းရေးအကြီးအကဲ Kyrylo Budanov ၏ အဆိုအရ ရုရှားသည် ၎င်း၏လက်နက်ပစ္စည်း လိုအပ်ချက်ကို ဖြည့်ဆည်းရန် မြန်မာနိုင်ငံထံမှ အကူအညီတောင်းခံခဲ့ခြင်း ဖြစ်သည်။
စစ်ပွဲစတင်ကတည်းက မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေမှာ ၂၀၂၅ ခုနှစ်တွင် ၅၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ACLED ၏ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်အထိ လေကြောင်းတိုက်ခိုက်မှုပေါင်း ၅,၉၁၂ ကြိမ်ရှိခဲ့ပြီး လူပေါင်း ၄,၈၆၅ ဦး သေဆုံးခဲ့သည်။ ဒရုန်းတိုက်ခိုက်မှုမှာလည်း အကြိမ်ရေ ၉၃၁ ကြိမ်ရှိခဲ့ပြီး ၃၆၆ ဦး သေဆုံးခဲ့သည်။
မကြာသေးမီက ဖလမ်းမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁,၀၀၀ ကျော်ဖြင့် ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ရာတွင်လည်း အသစ်စုဆောင်းထားသော စစ်မှုထမ်းများကိုသာ ရှေ့တန်းတင်ခဲ့ကြောင်း၊ အဖွဲ့ငယ်များခွဲ၍ အကြိမ်ကြိမ်ထိုးစစ်ဆင်ရာတွင် သေဆုံးသူအလွန်များပြားခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်များက ဆိုသည်။
တော်လှန်ရေးအဖွဲ့များက ဒရုန်းစစ်ပွဲတွင် စောစီးစွာ အသာစီးရခဲ့သော်လည်း ယခုအခါ စစ်ကောင်စီက ရုရှား၏ အဆင့်မြင့်နည်းပညာများဖြင့် ပြန်လည်ကျော်တက်လာသည်။ ရုရှားက မြန်မာနိုင်ငံသို့ Albatross-M5, Orlan-10E နှင့် အသေခံဒရုန်း VT-40 တို့ကို ထောက်ပံ့ပေးထားသည်။
အဆိုပါဒရုန်းများက တော်လှန်ရေးအဖွဲ့များသုံးသည့် သာမန်ဒရုန်းများထက် များစွာသာလွန်ပြီး ရုရှားလုပ် ဒရုန်းကာကွယ်ရေးစနစ်များ (Anti-drone systems) ကြောင့် တော်လှန်ရေးဘက်မှ ဒရုန်းများကို အလွယ်တကူ နှောင့်ယှက်နိုင်သည်။
သို့သော် တော်လှန်ရေးအဖွဲ့များသည်လည်း ယူကရိန်းစစ်ပွဲမှ သင်ခန်းစာယူကာ FPV ဒရုန်းများကို စမ်းသပ်လာကြသည်။ ယင်းဒရုန်းများသည် ရေဒီယိုလှိုင်းမသုံးဘဲ ဝါယာကြိုးဖြင့် ထိန်းချုပ်ခြင်းကြောင့် ရုရှား၏ နှောင့်ယှက်စနစ်များကို ကျော်ဖြတ်နိုင်သော်လည်း၊ စစ်မြေပြင်တစ်ခုလုံးတွင် အပြောင်းအလဲဖြစ်စေရန်အတွက် ထောင်နှင့်ချီသော ဒရုန်းများ ထုတ်လုပ်နိုင်စွမ်းရှိရန် လိုအပ်နေသည်။
ရုရှားကာကွယ်ရေးဝန်ကြီးဟောင်း ဆာဂေးရွှိုင်ဂူသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် နေပြည်တော်သို့ လာရောက်ခဲ့ပြီး ၅ နှစ်တာ စစ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့အပြင် ရုရှားသည် နေပြည်တော်တွင် ဂြိုဟ်တုဓာတ်ပုံစင်တာတစ်ခု တည်ထောင်ပေးထားပြီး စစ်ကောင်စီကို စစ်မြေပြင်မြင်ကွင်းများ ပိုမိုရှင်းလင်းစွာ မြင်နိုင်စေရန် ကူညီပေးနေသည်။
ရုရှားတွင် စစ်ပညာသင်ကြားခဲ့သော မြန်မာစစ်တပ်အရာရှိဟောင်း တစ်ဦး၏ အဆိုအရ ရှေ့တန်းစစ်မျက်နှာအနီးတွင် ရုရှားနှင့် တရုတ် ဒရုန်းနည်းပြများကို တွေ့မြင်ရကြောင်း သိရသည်။ ရုရှားအတွက် မြန်မာနိုင်ငံသည် တန်ဖိုးရှိသော မိတ်ဖက်ထက် လက်နက်ရောင်းချရသည့် ဈေးကွက်နှင့် အရှေ့တောင်အာရှတွင် ခြေကုပ်ရယူနိုင်မည့် နေရာတစ်ခုအဖြစ်သာ ရှုမြင်နေခြင်း ဖြစ်သည်။
Ian Storey ကမူ ရုရှားသည် ၎င်း၏မိတ်ဖက်များအပေါ် ရေရှည်ရပ်တည်ပေးလေ့မရှိကြောင်း ထောက် ပြသည်။ ဆီးရီးယားတွင် အာဆတ်အစိုးရ ပြိုလဲမှုကို မတားဆီးနိုင်ခဲ့သလို၊ မြန်မာစစ်ကောင်စီသည်သာ အမှန်တကယ် အကျပ်အတည်းဖြစ်လာပါက ရုရှားသည် အချိန်မရွေး ကျောခိုင်းသွားနိုင်ကြောင်း ၎င်းက သုံးသပ်ထားသည်။
တော်လှန်ရေးဘက်ကမူ ၎င်းတို့အနေဖြင့် ရုရှားကဲ့သို့ ပြင်ပထောက်ပံ့မှုကြီးကြီးမားမား မရရှိဘဲ တိုက်ပွဲဝင်နေရကြောင်းနှင့် ရုရှားသည် မြန်မာပြည်သူများ၏ အသက်ဆုံးရှုံးမှုများအတွက် တာဝန်ရှိကြောင်း ပြောကြားသည်။
(Aljazeera သတင်းဌာန၏ Russian weapons, tactics seen in Ukraine are shaping Myanmar’s civil warကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားပါသည်။)




