ရန်ကုန်၊ မတ် ၂၆
စစ်ကိုင်းတိုင်း၊ တမူးဒေသတွင် အခြေစိုက်လှုပ်ရှားနေသော အမျိုးသားလွတ်မြောက်ရေးတပ်တော် (National Liberation Army – NLA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တပ်ရင်းများအဖြစ် ကူးပြောင်းရပ်တည်ကာ အမှတ် ၁ စစ်ဒေသ၏ ကွပ်ကဲမှုကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် တရားဝင် ခံယူလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွပ်ကဲမှုခံယူခြင်း အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး ကိုယ်တိုင် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်းနှင့် NLA တပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်မောင်းတံဆိပ်များ အပ်နှင်းတပ်ဆင်ပေးခြင်းတို့ကို စနစ်တကျ ကျင်းပပြုလုပ်ခဲ့သည်။
အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) မှာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် Myanmar Federal Army (MFA) အမည်ဖြင့် စတင်ဖွဲ့စည်းကာ ပထမဆုံးသော တိုက်ပွဲကို ဆင်နွှဲခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) အဖြစ် အမည်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ယခုအခါတွင် တော်လှန်ရေးအင်အားစုများအကြား ပိုမိုခိုင်မာသည့် စုဖွဲ့မှုဖြစ်စေရန်အတွက် PDF တပ်ရင်းများအဖြစ် ကူးပြောင်းကာ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကွပ်ကဲမှုအောက်သို့ မရောက်ရှိသေးသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ (LDF) များအား ဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင် တာဝန်ထမ်းဆောင်ရန်ဖြစ်စေ၊ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်စေ အစဉ်အမြဲ ကြိုဆိုလျက်ရှိကြောင်းလည်း NUG က သတင်းထုတ်ပြန်ထားသည်။







