ရန်ကုန်၊ မတ် ၂၇
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခဲ့သည့် ၅ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပေါင်း ၇,၀၀၀ နီးပါး ရှိလာပြီး အရပ်သားသေဆုံးမှု မြင့်တက်နေခြင်းကြောင့် စစ်အုပ်စုထံ စီးဆင်းနေသည့် လေယာဉ်ဆီနှင့် ရေကြောင်းအာမခံဝန်ဆောင်မှုများကို နိုင်ငံတကာမှ အရေးပေါ်ပိတ်ဆို့ပေးရန် သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ (Blood Money Campaign) က ယမန်နေ့ အလေးအနက်ထား တောင်းဆိုလိုက်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့အထိ ၅ နှစ်ကျော်အတွင်း စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပေါင်း ၆,၉၈၆ ကြိမ် ပြုလုပ်ခဲ့ပြီး မွေးကင်းစကလေးငယ်များ အပါအဝင် အရပ်သားပြည်သူ (၄,၂၉၉) ဦး ကို သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
အထူးသဖြင့် ၂၀၂၆ ခုနှစ်၊ မတ်လတစ်လတည်းတွင်ပင် လူအစုအလိုက်အပြုံလိုက် သေဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း ကျူးလွန်ခဲ့သဖြင့် သံဃာတော်များနှင့် ကလေးငယ်များအပါအဝင် လူပေါင်း ၂၀၀ ကျော် ထပ်မံသေဆုံးခဲ့ရသည်။
မတ်လ ၅ ရက်နေ့ ကျောက်ကြီးမြို့နယ်တွင် ကျေးရွာသားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီးနောက် လေကြောင်းမှ ဗုံးကြဲသဖြင့် ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၂၅ ဦး သေဆုံးခဲ့သည်။
မတ်လ ၈ ရက်နေ့ အမ်းမြို့နယ် ဒါးလက်ချောင်းရှိ အကျဉ်းစခန်းကို ဗုံးကြဲတိုက်ခိုက်သဖြင့် စစ်သုံ့ပန်းနှင့် အရပ်သား ၁၁၆ ဦး သေဆုံးခဲ့သည်။
မတ်လ ၁၀ ရက်နေ့ ဗန်းမော်မြို့နယ်တွင် စင်းခန်းကျေးရွာရှိ ရွှေမှော်လုပ်ကွက်ကို တိုက်ခိုက်သဖြင့် ပြည်သူ ၃၀ ဦးထက်မနည်း သေဆုံးခဲ့သည်။
မတ်လ ၂၀ ရက်နေ့ ကသာမြို့ စစ်ရှောင်ပြည်သူများ ခိုလှုံနေသည့် မဟာလေးထပ်ဘုန်းကြီးကျောင်းကို ဆွမ်းဘုန်းပေးချိန် ဗုံးကြဲသဖြင့် သံဃာနှင့် ကလေးငယ်များအပါအဝင် ၅၀ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရသည်။
လက်ရှိတွင် အရှေ့အလယ်ပိုင်းစစ်ပွဲနှင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုများကြောင့် ကမ္ဘာတစ်ဝန်း လောင်စာဆီ အကြပ်အတည်း ဖြစ်ပေါ်နေသော်လည်း မြန်မာစစ်အုပ်စုသည် အရပ်ဘက်သုံး လေယာဉ်ဆီများကို အဓမ္မသိမ်းယူကာ အရပ်သားပစ်မှတ်များကို တိုက်ခိုက်ရာတွင် အသုံးပြုနေကြောင်း Blood Money Campaign က ထောက်ပြထားသည်။
၎င်းတို့ဝယ်ယူရရှိနေသော လေယာဉ်ဆီများနှင့် ရေကြောင်းအာမခံ ဝန်ဆောင်မှုများသည် နိုင်ငံတကာအစိုးရများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ လှစ်ဟာနေခြင်းကို ပြသနေကြောင်း၊ စစ်အုပ်စုသည် တစ်ဖက်တွင် အကြမ်းဖက်မှုများ တိုးမြှင့်နေသလို အခြားတစ်ဖက်တွင်လည်း အတုအယောင် လွှတ်တော်ခေါ်ယူကာ တရားဝင်မှုရရန် ကြိုးပမ်းနေကြောင်း ဝေဖန်ထားသည်။
သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့အနေဖြင့် အာဆီယံ၊ အီးယူ၊ ယူကေနှင့် နိုင်ငံတကာအစိုးရများသို့ မြန်မာစစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် လုံးဝအသိအမှတ်မပြုရန်၊ စစ်အုပ်စုထံ စီးဆင်းနေသည့် လေယာဉ်ဆီနှင့် ရေကြောင်းအာမခံဝန်ဆောင်မှုများကို နိုင်ငံများအကြား ညှိနှိုင်းကာ အရေးပေါ် ပိတ်ဆို့အရေးယူရန်၊ အရပ်သားများအပေါ် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို ရပ်တန့်စေရန် တစုတစည်းတည်း ပြစ်ဒဏ်ပေးရန်တို့ တောင်းဆိုထားသည်။




