ရန်ကုန်၊ မတ် ၂၇
မြန်မာနိုင်ငံရှိ ကျားဖြန့် ငွေလိမ်ဂိုဏ်းများနှင့် ဆက်နွှယ်နေသည့် လူဆိုးဂိုဏ်းခေါင်းဆောင် “သွားကျိုး (ခ) Wan Kuok-koi ကို ဗြိတိန်အစိုးရက ယမန်နေ့ ပိတ်ဆို့အရေးယူကြောင်း ကြေညာသည်။
အရှေ့တောင်အာရှတစ်လွှားရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam Centres) များနှင့် တရားမဝင် ခရစ်ပတို (Crypto) ကွန်ရက်များကို နှိမ်နင်းရန် ဗြိတိန်အစိုးရက ထုတ်ပြန်လိုက်သည့် ပိတ်ဆို့အရေးယူမှုအသစ်တွင် မြန်မာနိုင်ငံရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများ ပါဝင်ပတ်သက်နေသည့် နာမည်ကျော် ထရိုင်ယက် (Triad) ဂိုဏ်းခေါင်းဆောင်ဟောင်း ဝမ်ကော့ကိုင်း (Wan Kuok-koi) ကို ထည့်သွင်းအရေးယူလိုက်ကြောင်း သိရသည်။
“Broken Tooth” (သွားကျိုး) ဟု လူသိများသည့် ဝမ်ကော့ကိုင်းသည် ကမ္ဘာ့အကြီးဆုံး တရုတ်ရာဇဝတ်ဂိုဏ်းကြီးတစ်ခုဖြစ်သော 14K ထရိုင်ယက်၏ မကာအိုဂိုဏ်းခွဲ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည်။
၎င်းသည် တရားမဝင်လောင်းကစားမှု၊ အတိုးကြီးစားချေးငွေလုပ်ငန်းနှင့် ရာဇဝတ်ဂိုဏ်းဖွဲ့မှုတို့ဖြင့် မကာအိုအကျဉ်းထောင်တွင် ၁၄ နှစ်နီးပါး ပြစ်ဒဏ်ကျခံခဲ့ရပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်သည်။
အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် ၎င်းသည် “စီးပွားရေးလုပ်ငန်းရှင်” တစ်ဦးအဖြစ် အသွင်ပြောင်းလဲခဲ့ပြီး အရှေ့တောင်အာရှတစ်လွှားသို့ မကြာခဏသွားလာကာ တရုတ်နိုင်ငံ၏ “ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI)” အမည်ခံထားသည့် စီမံကိန်းများကို ဖော်ဆောင်ခဲ့သည်။
သို့သော်လည်း ၎င်းသည် မကာအိုတွင် မွေးဖွားကြီးပြင်းခဲ့သူဖြစ်သော်လည်း လက်ရှိတွင် အတည် တကျနေထိုင်ရာ အရပ်မရှိဘဲ အရှေ့တောင်အာရှနိုင်ငံအချို့တွင် လှည့်လည်သွားလာကာ လှုပ်ရှားနေထိုင်နေသည်။
ဗြိတိန်အစိုးရ၏ အဆိုအရ ဝမ်ကော့ကိုင်းသည် မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းငွေလိမ်စခန်းများ (Scam Compounds) တွင် အဓိကပါဝင်ပတ်သက်နေပြီး ထိုလုပ်ငန်းများမှတစ်ဆင့် အကျိုးအမြတ်ရရှိနေခြင်းကြောင့် ယခုကဲ့သို့ ပိတ်ဆို့အရေးယူခံရခြင်းဖြစ်သည်။
အဆိုပါ ငွေလိမ်ဂိုဏ်းများသည် နိုင်ငံခြားသားများကို အလုပ်အကိုင်ကောင်းရမည်ဟု လှည့်ဖျားခေါ်ယူကာ မြန်မာနှင့် ကမ္ဘောဒီးယားရှိ အထူးဇုန်များအတွင်း ပိတ်လှောင်ထားပြီး၊ နှိပ်စက်ညှဉ်းပန်းမည်ဟု ခြိမ်းခြောက်ကာ အွန်လိုင်းမှတစ်ဆင့် ငွေလိမ်ခိုင်းသည့် လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ် ဆောင်နေကြခြင်းဖြစ်သည်။
ဝမ်ကော့ကိုင်းနှင့်အတူ အဆိုပါ ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို ခရစ်ပတိုဝန်ဆောင်မှုပေးနေသည့် Xinbi စျေးကွက်နှင့် ကမ္ဘောဒီးယားရှိ အကြီးဆုံးငွေလိမ်ဝင်းဖြစ်သော #8 Park တို့ကိုလည်း ဗြိတိန်က ပထမဆုံးအကြိမ် ပိတ်ဆို့အရေးယူခဲ့သည်။
ဗြိတိန်အစိုးရအနေဖြင့် လာမည့် ဇွန်လတွင် ကျင်းပမည့် တရားမဝင် ဘဏ္ဍာရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် မြန်မာအပါအဝင် အရှေ့တောင်အာရှရှိ ငွေမည်းလုပ်ငန်းများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်နှိမ်နင်းသွားရန် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Wan Kuok-koi သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ရှိ ကျားဖြန့်ဝင်းတစ်ခုဖြစ်သော ဒေါင်မေဥယျာဉ်စီမံကိန်း (Dongmei Park)ကို တည်ထောင်ခဲ့သူဖြစ်သည်။
Dongmei Park ၏ အဓိက ရင်းနှီးမြှုပ်နှံသူများထဲတွင် တရုတ်နိုင်ငံဖြတ်ကျော်ရာဇဝတ် အဖွဲ့အစည်းကြီး 14K လူးဆိုးဂိုဏ်း၏ ခေါင်းဆောင်ဟောင်းဖြစ်သူ Wan Kuok-koi (သွားကျိုး/Yin Gouju ဟု လည်းသိကြသူ) ပါဝင်မှုဖြင့် Wan Kuok-koi အား အမေရိကန်ပြည်ထောင်စုက ၂၀၂၀ ခုနှစ်တွင် ဒဏ်ခတ် ပိတ်ဆို့မှု ချမှတ်ခဲ့သည်။
ဒေါင်မေဥယျာဉ်စီမံကိန်း (Dongmei Park) သည် အွန်လိုင်း ဆိုက်ဘာငွေလိမ်လုပ်ငန်း ကျားဖြန့် လုပ်ဆောင်သည့် ကျားဖြန့် ခြံဝင်းကြီးဖြစ်ပြီး Wan Kuok-koi (သွားကျိုးဟုလည်း လူသိများသူ) က မလေးရှားလုပ်ဖော်ကိုင်ဖက်များနှင့်အတူ တည်ထောင်လုပ်ကိုင်နေခြင်းဖြစ်သည်။
အဆိုပါ မလေးရှား လုပ်ဖော် ကိုင်ဖက်များတွင် မလေးရှားဝန်ကြီးချုပ်ရုံး၏ ယခင် ဒုဝန်ကြီးဖြစ်ခဲ့သူ Dato Dr Mashitah Ibrahim နှင့် ခင်ပွန်း သံတမန်ဟောင်း Datuk Abdul Shakor Bin Abu Bakar တို့ ပါဝင်ခဲ့သည်။




