27 C
Yangon

စစ်အုပ်စုက စံချိန်မမီသော အထပ်မြင့်အဆောက်အအုံများ ခွင့်ပြုခဲ့ခြင်းနှင့် နိုင်ငံတကာ အကူအညီများကို ကန့်သတ်ခြင်းများကြောင့် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ချိန်တွင် ပြည်သူများ ဒုက္ခများနှင့် ရင်ဆိုင်ခဲ့ရဟု NUG အစိုးရ ပြောဆို

Must read

ရန်ကုန်၊ မတ် ၂၈

အကြမ်းဖက် စစ်တပ် အုပ်စုက စံချိန်မမီသော အထပ်မြင့် အဆောက်အအုံများ ခွင့်ပြုခဲ့ခြင်းနှင့် နိုင်ငံတကာ အကူအညီများကို ကန့်သတ်ခြင်းများကြောင့် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ချိန်တွင် ပြည်သူများ ဒုက္ခများနှင့် ရင်ဆိုင်ခဲ့ရဟု NUG အစိုးရက ပြောဆိုလိုက်သည်။

အဆိုပါ ပြောကြားချက်သည် ယနေ့ မတ်လ ၂၈ ရက်နေ့တွင် “၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အား ရစ်ခ်တာစကေး ၇.၇ ရှိသည့် စစ်ကိုင်းငလျင်ကြီး တစ်နှစ်ပြည့် ထုတ်ပြန်ချက်” တွင် NUG အစိုးရက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“အကြမ်းဖက်စစ်အုပ်စု၏ အုပ်ချုပ်မှုအောက်တွင် စံချိန်စံညွှန်းမမီသော အထပ်မြင့်အဆောက်အအုံများအား ခွင့်ပြုခဲ့ခြင်း၊ အရေးပေါ်တုံ့ပြန်ရေးစနစ် များ အားနည်းခြင်းနှင့် နိုင်ငံတကာအကူအညီများကို ကန့်သတ်ခွဲခြားခဲ့ခြင်းတို့ကြောင့် ပြည်သူများမှာ မလိုလားအပ်သော ဆုံးရှုံးမှုများနှင့် ပိုမိုကြီးမားသော အတိဒုက္ခများကို ရင်ဆိုင်ခဲ့ရသည်ကို တွေ့ရှိ ရပါသည်” ဟု NUG အစိုးရက ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့၏ အနောက်-အနောက်မြောက်ဘက် ၁၆ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ခ်တာစကေး ၇.၇ ပမာဏရှိသည့် အလွန်အင်အားပြင်းသော ငလျင်ကြီး လှုပ်ခတ်ခဲ့သည်မှာ ယနေ့ ၂၀၂၆ ခုနှစ်၊ မတ် ၂၈ ရက်နေ့တွင် တစ်နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

စစ်ကိုင်းငလျင်ကြီးဖြစ်ပွားစဉ်နှင့် ဖြစ်ပွားပြီးချိန်တွင် အကြမ်းဖက် စစ်အုပ်စုက နိုင်ငံတကာမှ ပေးပို့သော ရှာဖွေကယ်ဆယ်ရေးနှင့် လူသားချင်းစာနာမှု အကူအညီများကို ကန့်သတ်ပိတ်ပင်ခဲ့ခြင်းနှင့် ငလျင်ဘေးသင့်ပြည်သူများအပေါ် ခွဲခြားဖယ်ကြဉ်မှုများ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် အမှန်တကယ် အကူအညီလိုအပ်နေသူများစွာ ဒုက္ခရောက်ခဲ့ရသည့်အပြင် ငလျင်ဘေးကယ်ဆယ်ရေး ကာလအတွင်း အကြမ်းဖက် စစ်အုပ်စု၏ လူမဆန်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် ပြည်သူများမှာ ဘေးအန္တရာယ် ဒုက္ခများနှင့် ထပ်မံရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ သုံးသပ်ချက်များအရ အကြမ်းဖက် စစ်အုပ်စု၏ အုပ်ချုပ်မှုအောက်တွင် စံချိန်စံညွှန်းမမီသော အထပ်မြင့်အဆောက်အအုံများကို ခွင့်ပြုခဲ့ခြင်း၊ အရေးပေါ်တုံ့ပြန်ရေးစနစ်များ အလွန်အမင်း အားနည်းခြင်းနှင့် နိုင်ငံတကာအကူအညီများကို ကန့်သတ်ခွဲခြားခဲ့ခြင်းတို့ကြောင့် စစ်ကိုင်းငလျင်ကြီးဖြစ်ပွားစဉ်နှင့် ဖြစ်ပွားပြီးနောက်တွင် ပြည်သူများမှာ မလိုလားအပ်သော ဆုံးရှုံးမှုများနှင့် ပိုမိုကြီးမားသော အတိဒုက္ခများကို ရင်ဆိုင်ခဲ့ရသည်ဟု NUG အစိုးရက ပြောဆိုသည်။

အဆိုပါ ငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်များကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နေပြည်တော်နှင့် ပဲခူးတိုင်းတို့တွင် ပြည်သူပေါင်း ၄,၂၀၀ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၃,၆၈၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၃၅၁ ဦး ပျောက်ဆုံးခဲ့ရသည့်အပြင် နေအိမ်ပေါင်း ၃,၄၀၀ ခန့်၊ ဘာသာရေးအဆောက်အအုံ ၃,၉၃၀ ခန့်နှင့် စာသင်ကျောင်း၊ ဆေးရုံ၊ လမ်းတံတား အပါအဝင် အခြေခံအဆောက်အအုံပေါင်း ၆,၅၀၁ ခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ သမိုင်းနှင့် ယဉ်ကျေးမှုတန်ဖိုးများကို ကိုယ်စားပြုသည့် သက်တမ်းရင့် ရှေးဟောင်းသမိုင်းဝင်အမွေအနှစ် အဆောက်အအုံများနှင့် ဘာသာရေး အဆောက်အအုံပေါင်း ၈၀ ကျော် ပြိုကျပျက်စီးခဲ့ရခြင်းမှာလည်း နိုင်ငံတော်နှင့် ပြည်သူများအတွက် အစားထိုးမရနိုင်သော ဆုံးရှုံးမှုကြီး ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

ငလျင်ဘေးသင့်ချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် ငလျင်ဘေးသင့်ပြည်သူများအား ကယ်ဆယ် ကူညီနိုင်ရန်အတွက် ထိုးစစ်ခေတ္တရပ်စဲရေး ကြေညာကာ ပြည်သူမှ ပြည်သူသို့ အစီအမံဖြင့် မြို့နယ်ပေါင်း ၄၆ မြို့နယ်ရှိ အိမ်ထောင်စု ၂၀,၃၄၄ စုကို ငွေကျပ်သန်းပေါင်း ၆,၀၇၇ ခန့် အသုံးပြု၍ ကူညီထောက်ပံ့ခဲ့ကြောင်း၊ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော နေအိမ်များ၊ လမ်းတံတားများ၊ ရေလှောင်တံမံများနှင့် စာသင်ကျောင်း၊ ဆေးရုံ စသည့် အခြေခံအဆောက်အအုံများကို ပြန်လည်ပြုပြင်တည်ဆောက်ပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပံ့ပိုးမှုများကို တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မတရားမှုနှင့် သဘာဝဘေးဒဏ် နှစ်ရပ်လုံးကို ခါးစည်းခံနေရသော စစ်ကိုင်းတိုင်းအပါအဝင် တော်လှန်ရေးနယ်မြေများရှိ ပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီများ အချိန်မီရောက်ရှိနိုင်ရေးအတွက် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် ယခုဖြစ်ရပ်ကို သင်ခန်းစာယူကာ နောင်တစ်ချိန်တွင် သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံနိုင်ရုံမျှမက ပြည်သူတို့၏ ဘဝလုံခြုံမှုကို အပြည့်အဝ အာမခံချက်ပေးနိုင်သည့် တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်သွားမည်ဟု NUG က ကတိပြုထားကြောင်း၊ ထို့ပြင် ငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၊ မိသားစုနှင့် ခွဲခွာခဲ့ရသူများ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများ၊ အိုးအိမ်မဲ့ဖြစ်ခဲ့ရသည့် မိဘပြည်သူများအားလုံးနှင့်အတူ ထပ်တူထပ်မျှ အထူး ဝမ်းနည်းကြေကွဲရပါကြောင်း ထုတ်ပြန်ချက်အဆုံးတွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article