ရန်ကုန်၊ မတ် ၃၁
အကြမ်းဖက်စစ်တပ်ကို မြန်မာနိုင်ငံရေးမှ အပြီးဖယ်ရှားရေး၊ စစ်အာဏာ ရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို ဖြိုဖျက်ရေးအတွက် တိုင်းရင်းသားနှင့် တော်လှန်ရေး အင်အားစုများ ပါဝင်သော “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင် စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” က တော်လှန်ရေးကို ဦးဆောင်သွားမည်ဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက တရားဝင် ကြေညာသည်။
မတ်လ ၃၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင် စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲ့စည်းခြင်း အခမ်းအနားတွင် ယာယီသမ္မတက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ယာယီသမ္မတ ဒူဝါလရှီးလက ကောင်စီဖွဲ့စည်းရခြင်းနှင့် ပတ်သက်၍ ရှင်းပြရာတွင် တော် လှန်ရေးကို အရှိန်အဟုန်မြှင့်တင်ပြီး အမြန်ဆုံးအောင်ပွဲရယူနိုင်ရန်၊ လက်ရှိတော်လှန်ရေးကို တစ်ဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံများကို အတည်ပြုကာ အသွင်ကူးပြောင်းရေးအစိုးရတစ်ရပ် အောင် မြင်စွာဖွဲ့စည်းနိုင်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည် ဆောက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ကြောင်း ဆိုသည်။
ထို့အပြင် စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်များကို ထိရောက်စွာ ညှိနှိုင်းဦးဆောင် လမ်းညွှန်နိုင်ရန်အတွက် အဆိုပါကောင်စီကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ဆိုသည်။
ယာယီသမ္မတက “မြန်မာစစ်တပ်ကို နိုင်ငံရေးထဲကနေ အပြီးသတ် ဖယ်ရှားပေးရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော်မတီက စစ်အာ ဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်အသက်သွင်းမှု မှန်သမျှကို ဖြိုဖျက်ပစ်ဖို့ ဖြစ်ပါတယ်” ဟု အတိအလင်း ပြောဆိုခဲ့သည်။
ယခုဖွဲ့စည်းလိုက်သော “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦး ဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union – SCEF)” တွင် ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်၊ အမျိုးသမီးကိုယ်စားပြု/ကိုယ်စားလှယ်များ မဏ္ဍိုင် စသည်တို့ကို အခြေခံပြီး တရားဝင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ပြည်သူလူထုတစ်ရပ်လုံးကို အသိပေးကြေညာထားသည်။
ကောင်စီ၏ မျှော်မှန်းချက်နှင့် မဟာဗျူဟာရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့်အာဏာရှင်စနစ်ကိုမဆို အမြစ်ပြတ်ဖယ်ရှားရန် ဖြစ် သည်။
နိုင်ငံရေးအခင်းအကျင်းသစ်တစ်ရပ်ကို စုစည်းညီညွတ်စွာ စတင်လိုက်ခြင်းဖြစ်ပြီး ပြည်ထောင်စုအတွင်းရှိ လူမျိုးပေါင်းစုံ၏ ကိုယ်ပိုင်လက္ခဏာများကို ကာကွယ်မြှင့်တင်ကာ၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် ပြည်နယ်များဖြင့် စုဖွဲ့ထားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို တည်ဆောက်သွားမည်ဖြစ်သည်။
အဆိုပါရည်မှန်းချက်များ အမြန်ဆုံးအောင်မြင်ရန်အတွက် တော်လှန်ရေးအဖွဲ့အစည်းအသီးသီး၏ စစ်ရေးနှင့် နိုင်ငံရေးလှုပ်ရှားမှုများကို တရားဝင်မှု၊ ညီညွတ်မှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိသော ခေါင်းဆောင်မှုဖြင့် ဦးဆောင်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီက နိုင်ငံရေးဦးတည် ချက် ၆ ရပ်အဖြစ် စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အပြီးတိုင် အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန် တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းအပြင် သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန်၊ ထွက်ပေါ်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်အား တည်ဆောက်ရန်၊ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန် တို့ကိုလည်း နိုင်ငံရေးရည်မှန်းချက်အဖြစ် ကြေညာထားသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ အနေဖြင့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အချုပ်အခြာအာဏာကို ပြည်သူလူထုက ပိုင်ဆိုင်ပြီး ဖက်ဒရယ်နှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား “မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ (Shared Sovereignty)” မူကို ကိုင်စွဲမည်ဖြစ်ကြောင်း သိရှိရသည်။
SCEF ကောင်စီက ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်း EROs၊ ဒီမိုကရေစီအင်အားစုများ၊ အမျိုးသမီးအစုအဖွဲ့များနှင့် ပြည်သူ့ကိုယ်စားလှယ်များ၏ သဘောထားများ ပါဝင်သည့် “စုပေါင်းခေါင်းဆောင်မှု (Collective Leadership)” ဖြင့် ဖော်ဆောင်သွားမည်ဖြစ်သည်။
ကောင်စီဝင်အဖွဲ့အစည်းများသည် မတူကွဲပြားမှုများအပေါ် အပြန်အလှန် လေးစားအသိ အမှတ်ပြုကာ “မူဝါဒတစ်ရပ်တည်း၊ မဟာဗျူဟာတစ်ရပ်တည်း – One Policy, One Strategy” ကို ကျင့်သုံးသွားမည်ဖြစ်ပြီး စစ်ရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများကို ဟန်ချက်ညီညီ ပူးတွဲဖော်ဆောင်ကာ ရည်မှန်းချက်ပန်းတိုင်သို့ မဟာမိတ်အင်အားစုများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။
ယင်းကောင်စီတွင် KIO ၊ KNU ၊ CNF ၊ KARENNI ၊ CRPH နှင့် NUG တို့ဝင်ပြီး ကောင် စီဖွဲ့စည်းခြင်းအခမ်းအနားသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကေအိုင်စီ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော် နဲ့ ဗဟိုကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး ? ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီ ဥက္ကဋ္ဌ ခူဦးရယ်၊ KSCC, IEC , KNPP ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ယင်းအပြင် CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နှင့် အဖွဲ့ဝင်များ၊ရေးရာကော်မတီ၊ဥက္ကဋ္ဌ များနှင့်အတွင်းရေး မှူးများ၊အမျိုသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ၊ NUGဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနှင့် အစိုးရအဖွဲ့ဝင်များ တော်လှန် ရေးခေါင်းဆောင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။







