ရန်ကုန်၊ မတ် ၃၁
အကြမ်းဖက် စစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့က ညိုစောကို ဒုတိယသမ္မတအဖြစ် အဆိုပြုထားကြောင်း စစ်တပ်၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်အစုအဖွဲ့က ဒုတိယသမ္မတ ၁ ဦး၊ အမျိုးသားလွှတ်တော်အစုအဖွဲ့က ဒုတိယသမ္မတ ၁ ဦးနှင့် စစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့က ဒုတိယသမ္မတ ၁ ဦး စုစုပေါင်း ဒုတိယသမ္မတ ၃ ဦးရွေးချယ်ကာ ယင်း ၃ ဦးအနက်မှ ၁ ဦးကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်မည်ဖြစ်သည်။
ညိုစောသည် လက်ရှိ ဝန်ကြီးချုပ်ရာထူးရယူထားပြီး ကြံ့ဖွတ်ပါတီ၏ ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည်။
ညိုစောမှာ စစ်တပ်တွင် ဗိုလ်ချုပ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် အကြမ်းဖက် မင်းအောင်လှိုင်က အကြံပေးအဖြစ် ခန့်အပ်ခဲ့ပြီး သန်းရွှေခေတ်တွင်လည်း သန်းရွှေ၏ စိတ်ချ ယုံကြည်အားကိုးရသော တပည့်ရင်းတစ်ဦးဖြစ်ခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်များက ပြောဆိုသည်။
ညိုစောသည် ၂၀၂၀ ခုနှစ်တွင် စစ်ထောက်ချုပ်အဖြစ်မှ အနားယူခဲ့ပြီး စစ်တပ်၏ အရန်အင်အားစာရင်းသွင်းခံခဲ့ရသည်။
စစ်တက္ကသိုလ်အပတ်စဉ် ၂၃ ကျောင်းဆင်း ညိုစောမှာ မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်းMEC ဥက္ကဋ္ဌ၊ အင်း၀ဘဏ် ဥက္ကဋ္ဌ ၊ မင်းအောင်လှိုင်၏ အကြံပေး စသည့် ရာထူးများစွာကို ရယူခဲ့သည့်အပြင် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ စစ်ထောက် ချုပ် စသည့် ရာထူး တာဝန်များ အဆင့်ဆင့် ထမ်းဆောင်ခဲ့ကာ အထက်နှင့်အောက် ဝေစား၊ မျှစား အကြား သဟဇာတ ဖြစ်အောင် နေထိုင်တတ်လွန်းသူ နာမည်ကြီးကာ စစ်ခေါင်းဆောင်ဟောင်း သန်းရွှေက အထူးသဘောကျခဲ့သူတစ်ဦးဖြစ်သည်ဟု တပ်သတင်းရင်းမြစ်များက ဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်က အာဏာသိမ်း စစ်ခေါင်းဆောင်ဖြစ်လာသောအခါတွင်လည်း သန်းရွှေတပည့်အရင်း ညိုစောကို ပြန်လည် အသုံး ပြုပြီး အငြိမ်းစား အဖြစ် သတ်မှတ်နိုင်သော အရန်အင်အားထိုင်ခုံတွင် ထိုင်နေရသည့်တိုင် ညိုစောမှာ ရာထူးတာဝန်များစွာ ပေးအပ်ခံခဲ့ရကာ နောက်ဆုံးတွင် ဝန်ကြီးချုပ်အဖြစ် မင်းအောင်လှိုင်က ခန့်အပ်ခဲ့ပြန်သည်။
ညိုစောသည် ယနေ့ အချိန်အထိ စစ်ခေါင်းဆောင်ဟောင်း သန်းရွှေ နှင့်မိသားစုများထံသို့ အဝင်အထွက်ရှိပြီး သန်းရွှေ၏ လို အပ်ချက်များကို ၎င်းက အရေးတယူဂရုတစိုက် ဖြည့် ဆည်းပေးနေဆဲဖြစ်သည်ဟု တပ်သတင်းရင်းမြစ်တချို့ကဆိုသည်။
ညိုစောတွင် သန့်ညိုစော၊ သင့်ညိုစော နှင့် ဆင့်ညိုစော ဆိုသည့် သားသမီး ၃ ဦးရှိပြီး သမီး သန့်ညိုစောက ဒေါက်တာဇွဲမာန်အောင်နှင့် အိမ်ထောင်ကျကာ ညိုစော၏ စီးပွားရေးလုပ်ငန်းများအားလုံးကို ဦးစီး လုပ်ကိုင်နေသည်။




