31 C
Yangon

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDအစိုးရကို မဲခိုးတယ်လို့ တဖွဖွ စွပ်စွဲခဲ့သူက စစ်အာဏာ သိမ်းပြီး ၅ နှစ်ကျော်အကြာ အရှက်ဂုဏ်သိက္ခာမဲ့စွာဖြင့် သမ္မတပလ္လင် ခိုးယူပြီ

Must read

By ဧရာ၀တီလင်းပိုင်

အကြမ်းဖက်စစ်တပ်ကနေ အငြိမ်းစားယူလိုက်တဲ့ မင်းအောင်လှိုင်က အခုဆိုရင်ကြံ့ဖွတ် ပြည်သူ့လွှတ်တော်က ရွေးချယ်လိုက်တဲ့ ဒုတိယသမ္မတ ဖြစ်လာပါပြီ။ သိပ်မကြာခင်မှာ

ဒုတိယသမ္မတကနေ သူအမြဲတမ်း တပ်မက်ခဲ့တဲ့ တခဲ့တဲ့ “သမ္မတ” ဆိုတဲ့ ပလ္လင်ဆီကို တရားဝင် တက်လှမ်းတော့မှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ အခုအချိန်အထိ မင်းအောင်လှိုင် ပါးစပ်က အမြဲပြောခဲ့ပြီး မြန်မာပြည်သူတွေ နားခါးအောင် ကြားခဲ့ရတဲ့ စကားတစ်ခွန်းရှိပါတယ်။

အဲဒါကတော့ “မဲစာရင်း မှားယွင်းမှုတွေနဲ့ မဲမသမာမှုတွေကြောင့် အာဏာကို ခေတ္တထိန်းသိမ်းရခြင်းဖြစ်တယ်” ဆိုတဲ့ ဆင်ခြေပါပဲ။

ဒါပေမဲ့ ဒီကနေ့မှာတော့ အဲဒီဆင်ခြေရဲ့ နောက်ကွယ်က တကယ့်ဇာတ်မြစ်ဟာ ပေါ်လွင်လာခဲ့ပါပြီ။ အဲဒါကတော့ မဲမသမာမှု ဖြစ်ခဲ့တာ မဟုတ်ဘဲ၊ သူကိုယ်တိုင် သမ္မတပလ္လင်ပေါ် တက်လှမ်းနိုင်ဖို့အတွက် မဲမသမာမှုကို ခေါင်းစဉ်တပ်အကြောင်းပြ ခင်းကျင်းခဲ့တဲ့ အာဏာရမက်အတွက် သွေးစွန်းတဲ့ လမ်းခင်းမှုသာ ဖြစ်တယ်ဆိုတာ ဒီနေ့ သက်သေပြသွားခဲ့ပြီဖြစ်ပါတယ်။

ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို “မဲခိုးတယ်” လို့ စွပ်စွဲကာ လက် နက်အားကိုးဖြင့် ဖယ်ရှားခဲ့ခြင်းဟာ ဒီမိုကရေစီကို စောင့်ရှောက်ဖို့ မဟုတ်ကြောင်း ယခုအခင်းအကျင်းက သက်သေပြနေပါတယ်။

အမှန်စင်စစ် တရားဝင်မှုမရှိဘဲ ဒုသမ္မတ ရာထူးမှတစ်ဆင့် သမ္မတနေရာကို အတင်းအဓမ္မ ရယူဖို့ ကြိုးစားခြင်းဟာ “မဲစာရင်း” ထက် ပိုမိုကြီးမားတဲ့ “နိုင်ငံတော်အာဏာကို ဗြောင်ကျကျ ခိုးယူခြင်း” သာ ဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ ရာထူးရလိုမှုကြောင့် ပြည်သူကိုရန်သူလို့ သတ်မှတ်ပြီး “မဲစာရင်းမမှန်လို့” ဆိုတဲ့ ဝါဒဖြန့် စကား နောက်မှာ စစ်တပ်ကို အသုံးချပြီး အပြစ်မဲ့ပြည်သူထောင်ချီကို သတ်ဖြတ်ခဲ့ပါတယ်။

နိုင်ငံတော်ဘဏ္ဍာနဲ့ တည်ဆောက်ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဟာ နိုင်ငံကို ကာကွယ်ဖို့ထက် လူတစ်ယောက်ရဲ့ သမ္မတဖြစ်ချင်တဲ့ စိတ္တဇကို ဖြည့် ဆည်းပေးဖို့ အသုံးချခံ ဖြစ်သွားရပါတယ်။

အခုအခါမှာ သမ္မတရာထူးကို ရယူပြီး အစိုးရအဖွဲ့ အပြောင်းအလဲတွေ လုပ်ပြခြင်းဖြင့် နိုင်ငံရေး၊ စီးပွားရေး ပြေလည်သွားတော့မလိုလို ဝါဒဖြန့်မှုတွေ ရှိလာနေပါတယ်။ ဒါပေမယ့် ပြည်သူတွေ သတိပြုရမှာက “ဇာတ်ညွှန်းရေးသူက အတူတူ၊ မင်းသားကလည်း ဒီလူပဲ” ဆိုတာပါပဲ။

“မဲခိုးလို့” ဆိုတဲ့ လိမ်လည်မှုနဲ့ စတင်ခဲ့တဲ့ ခရီးဟာ ဘယ်လိုမှ ဖြောင့်ဖြူးတဲ့ လမ်းဆုံးကို ရောက်ရှိမှာ မဟုတ်ပါဘူး။ အာဏာရှင်တစ်ဦးရဲ့ ပုဂ္ဂိုလ်ရေး အောင်ပွဲဟာ ပြည်သူလူထုအတွက်တော့ ဆုံးရှုံးမှုအသစ်တွေရဲ့ အစသာ ဖြစ်ပါလိမ့်မယ်။

လူ သန်းပေါင်းများစွာရဲ့ ဘဝတွေကို စတေးပြီး မင်းအောင်လှိုင် ရယူမယ့် သမ္မတရာထူးဟာ အရှက် ဂုဏ်သိက္ခာမဲ့တဲ့ ရာထူးသာ ဖြစ်ပါတယ်။ မိမိဘာသာ ဖန်တီးထားတဲ့ ဥပဒေအောက်မှာ မိမိကိုယ်ကို သမ္မတအဖြစ် တင်မြှောက်ခြင်းဟာ ကမ္ဘာ့သမိုင်းမှာ အကျည်းတန်ဆုံး မှတ်တမ်းတစ်ခုအဖြစ် ကျန်ရစ်မှာပါ။

ပြည်သူများ အနေနဲ့ အပြောင်းအလဲကို မျှော်လင့်ခြင်းထက် လက်ရှိအခြေ အနေရဲ့ အနှစ်သာရကို မြင်အောင်ကြည့်ဖို့ လိုပါတယ်။ လူတစ်ယောက်ရဲ့ သမ္မတရူးမှုကို ဖြည့်ဆည်းပေးနေရတဲ့ ဒီပြဇာတ်ဟာ နိုင်ငံအတွက်တော့ အဖြေမဟုတ်ဘဲ ပိုမိုဆိုးရွားတဲ့ အကျပ်အတည်းတွေကိုသာ သယ်ဆောင်လာတော့မှာ ဖြစ်ပါတယ်။

အရင်းခံ စိတ်ဓာတ်နဲ့ ရည်ရွယ်ချက်က “ပြည်သူ့အကျိုး” မဟုတ်ဘဲ “မိမိရာထူး တည်မြဲရေး” သာ ဖြစ်နေသရွေ့ ဘယ်လို အခင်းအကျင်းသစ်တွေ ခင်းကျင်းပါစေ ပြည်သူတွေအတွက်တော့ ပိုမိုဆိုးရွားတဲ့ ဖိနှိပ်မှုတွေနဲ့ စီးပွားရေး ကျပ် တည်းမှုတွေသာ ဆက်လက်ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

(ဧရာ၀တီလင်းပိုင်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်နေသော တော်လှန်ရေးဘက်တော်သား တစ်ဦးဖြစ်သည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article