35 C
Yangon

မြန်မာစစ်တပ်ကို နိုင်ငံရေးမှ ဖယ်ရှားမည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီကို နိုင်ငံတကာက ထောက်ခံကြရန် SAC-M တိုက်တွန်း

Must read

ရန်ကုန်၊ ဧပြီ ၁

မြန်မာစစ်တပ်ကို နိုင်ငံရေးမှ ဖယ်ရှားမည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီကို နိုင်ငံတကာက ထောက်ခံကြရန် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ယနေ့ တရားဝင် ကြေညာတိုက်တွန်းသည်။

မြန်မာ့တော်လှန်ရေး အင်အားစုများအကြား သမိုင်းဝင် မဟာမိတ်စုဖွဲ့မှုအသစ် ပေါ်ပေါက်လာခြင်းသည် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သဖြင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အပြည့်အဝ ဝန်းရံထောက်ခံရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ပြီးခဲ့သည့် တနင်္လာနေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါကောင်စီတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့နှင့်အတူ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပါဝင်ကြသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် လွှတ်တော်၊ ဒီမိုကရေစီအင်အားစုများအကြား အကြီးမားဆုံးသော တရားဝင် မဟာမိတ်စုဖွဲ့မှုဖြစ်ပြီး ကောင်စီ၏ အဓိကနိုင်ငံရေး ရည်မှန်းချက် ၆ ချက်တွင်​ စစ်တပ်ကို နိုင်ငံရေးမှ အပြီးသပ်ဖယ်ရှားရန်၊ ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရ ရွေးကောက်တင်မြှောက်ရန်၊ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းပြီး ဖက်ဒရယ်နှင့် ဒီမိုကရေစီစံနှုန်းများပါဝင်သည့် ခြေဥသစ်ဖြင့် အစားထိုးရန်၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရန်တို့ ပါဝင်ကြောင်း သိရှိရသည်။

တစ်ဖက်တွင်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ ကိုယ်ပိုင်သမ္မတရည် မှန်းချက်အတွက် ပဏာမခြေလှမ်းအဖြစ် ဒုတိယသမ္မတအဖြစ် “ရွေးကောက်ခံ” ခဲ့ပြီး၊ ၎င်း၏လူယုံ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

မင်းအောင်လှိုင်က စစ်ကောင်စီအား အရပ်သားအစိုးရအသွင် ဖန်တီးကာ နိုင်ငံတကာနှင့် ဆက်ဆံရေး ပုံမှန်ဖြစ်အောင် ကြိုးပမ်းခြင်းသာ ဖြစ်သည်ဟု SAC-M က ထောက်ပြသည်။

SAC-M အမှုဆောင်ဒါရိုက်တာ ဘင်လီက “ဝတ်စုံလဲရုံနဲ့ မင်းအောင်လှိုင်က သမ္မတ ဖြစ်မလာသလို၊ သူ့အစိုးရကလည်း အရပ်သားအစိုးရ ဖြစ်မလာပါဘူး။ ဒါဟာ ဘယ်သူမှ မယုံကြည်တဲ့ စစ်ကောင်စီရဲ့ အပေါ်ယံ အထုပ်အပိုးအသစ်ပဲ ဖြစ်ပါတယ်” ဟု ဝေဖန်ခဲ့သည်။

SAC-M အဖွဲ့ဝင် ရန်ဟီးလီကလည်း “နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပြည်သူတွေရဲ့ စစ်မှန်တဲ့ ဆန္ဒနဲ့ မျှော်မှန်းချက်တွေကို အပြည့်အဝ ထောက်ခံဖို့ လိုအပ်နေပြီ။ စစ်ကောင်စီကိုတော့ အခုရော နောင်မှာပါ ဝိုင်းပယ်ထားရမယ်” ဟု ထုတ်ဖော်ပြောဆိုသည်။

ထို့ပြင် အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံအသီးသီးမှ အစိုးရများအနေဖြင့် SCEF အပါအဝင် တရားဝင်သော မြန်မာကိုယ်စားလှယ်များ၊ ဖက်ဒရယ်အဖွဲ့အစည်းများနှင့် တရားဝင် ထိတွေ့ဆက်ဆံမှုကို မြှင့်တင်ရန်၊ တော်လှန်ရေးအင်အားစုများ၊ ဒေသအခြေပြု မဟာမိတ်များနှင့် ဒေသခံအဖွဲ့အစည်းများအား နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးရန်၊ စစ်ကောင်စီအား တရားဝင်မှု ပေးအပ်မည့် မည်သည့်ထိတွေ့ဆက်ဆံမှုမျိုးကိုမဆို ရှောင်ကြဉ်ရန် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article