27 C
Yangon

ကျောက်ကြီးမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၆ လက်သိမ်းဆည်းရရှိ၊ သရက်ချောင်းမြို့နယ်တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ

Must read

ရန်ကုန်၊ ဧပြီ ၁

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၆ လက်သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

မတ်လ ၃၁ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်ကြီးမြို့နယ်၊ သာယာကုန်းရွာ နှင့် ခြံကြီးရွာ အကြားရှိ မီးရထားလမ်း ၁၄၆ တံတား၌ တပ်စွဲထားသော စစ်တပ် ဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း ၉ တပ်ခွဲ ၃ မှ ဦးဆောင်ပြီး ပူးပေါင်းစစ်ကြောင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၅ ဦး သေဆုံးခဲ့ပြီး လက်နက်ငယ် ၆ လက်နှင့် ကျည်မျိုးစုံ ၂၃၀ တောင့်တို့ သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ထို့ပြင် ဂိတ်စခန်းအတွင်းရှိ တဲ ၃ လုံးကိုလည်း ရှင်းလင်း နိုင်ခဲ့ကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဆက်လက် ဖြစ်ပွားနေကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

သရက်ချောင်းမြို့နယ်ရှိ စစ်တပ်၏ ဝင်းဝ စခန်းကို သိမ်းပိုက်နိုင်ခဲ့သော မတ်လ ၁၁ ရက်နေ့မှ စတင်ပြီး စခန်းသိမ်း တိုက်ပွဲမှ ထွက်ပြေးသွားသော စစ်သားများနှင့် စစ်ကူစစ်ကြောင်းမှ ကျန်ရှိသော စစ်သားများ ပိတ်မိနေသည့် ဂုံညင်းဆိပ်ကျေးရွာ အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပိတ်မိနေသော စစ်တပ် စစ်ကြောင်းမှ စစ်သား ၃၀ ခန့်သည်လည်း ဝင်းဝစခန်းဘက်သို့ ပတ်ထွက်လာကာ ဝင်းဝတံတားအနီး ဓာတ်ပုံရိုက်၍ မြိတ်-ထားဝယ် လမ်းပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဝါဒဖြန့်လျက်ရှိကြောင်း၊ သို့သော် ထိတွေ့ တိုက်ပွဲများသည် ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ဝင်းဝစခန်းအနီးကို တိုက်လေယာဉ် ၂ စီးဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် သရက်ချောင်းမြို့ပေါ်၌ ရောက်ရှိနေသော စစ်ကြောင်းသည်လည်း ရှေ့ဆက်ထိုးလာ၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုများရှိကြောင်း သိရသည်။

“သရက်ချောင်းတိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်းပဲ စစ်ခွေးတွေကလည်း သူတို့ မြိတ်-ထားဝယ်လမ်းကို ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုပြီး ဝါဒဖြန့်တာတွေရှိတယ်။ နောက်ပြီး သရက်ချောင်းမြို့ပေါ်က စစ်ခွေးတွေကလည်း ရှေ့တိုးလာလို့ တိုက်ပွဲဖြစ်တာတွေရှိနေသေးတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article