ရန်ကုန်၊ ဧပြီ ၁
တိုင်းရင်းသားများလက်နက်ကိုင်အဖွဲ့များ စုပေါင်း ပါ၀င်နေသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီမှာ စစ်ရေး၊ နိုင်ငံ ရေး၊ နိုင်ငံ တကာ ဆက်ဆံရေး လိုအပ်ချက်အရ ပေါ်ပေါက်လာခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ- NUCC မှာလည်း လိုအပ်ချက်အရ ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း NUCC အဖွဲ့ဝင် ဦးနောင်ချိုက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ် အ စိတ်အပိုင်း ၁ နှင့် ၂ ပါ ပြဋ္ဌာန်းချက်များ အရ ပေးအပ်ထားသော တာဝန်များကို တာဝန်ယူမှု၊ တာဝန် ခံမှုရှိစွာ ကျေပွန်အောင် ဆက်လက်ထမ်းဆောင် သွားမည်ဖြစ်ပြီး ထိုသို့ ပဋိညာဉ်ပါ တာဝန်များကို ထမ်းဆောင်ရာ၌ နယ်ပယ်အသီးသီးတွင် လက်ရှိ ဦးဆောင်မှုပြု ဆောင်ရွက်နေကြသည့် အစုအဖွဲ့ များနှင့်လည်းကောင်း၊ တော်လှန်ရေး လက်တွေ့ လိုအပ်ချက်များအရ အခါအားလျော်စွာ ပေါ်ပေါက် လာသော ဦးဆောင်မှု အစုအဖွဲ့များ နှင့်လည်းကောင်း လိုအပ်သော ပူးပေါင်းဆောင်ရွက်မှုများ လုပ် ဆောင်ရာတွင် ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များ နှင့်အညီ လိုက်နာကျင့်သုံး ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ယမန်နေ့ မတ်လ ၃၁ ရက်နေ့က ဖက်ဒရယ်ဒီမိုကရေစီ ပဋိ ညာဉ် အတည်ပြုပြဋ္ဌာန်းခြင်း ၅ နှစ်ပြည့် ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
“အခုလက်ရှိ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီပေါ်လာတဲ့နောက် မှာ NUCC ရဲ့အခန်းကဏ္ဍက ဘယ်ရောက်သွားလဲဆိုတဲ့ မေးခွန်းတွေလည်းရှိကြတယ်။ NUCC မရှိ တော့ဘူးလားဆိုတဲ့ ဟာမျိုးတွေလည်း ရှိကြတယ်။ ဒါပေမယ့် လက်ရှိ ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီနဲ့ NUCC နဲ့ကြားထဲမှာ သဘောသဘာဝနဲ့ တာဝန်နဲ့လုပ်ပိုင် ခွင့်တွေကတော့ သိပ်မတူဘူးလို့ ကျနော်တို့ကတော့ မြင်တယ်။ အခုလက်ရှိ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီက တော်လှန်ရေးရဲ့ ပကတိလိုအပ်ချက်တွေ၊ စစ်ရေး၊ နိုင်ငံရေးရဲ့ လိုအပ်ချက်တွေ၊ နိုင်ငံတကာနဲ့ ဆက်ဆံရေး လိုအပ်ချက်တွေအရ ပေါ်ပေါက်လာတာလို့ ကျနော်တို့က မြင်တယ်။ ဒါပေမယ့် နိုင်ငံရေး ကတိကဝတ်တွေ၊ တော် လှန်ရေး ကတိကဝတ်တွေ အားလုံးကတော့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ်ထဲမှာပဲ ရှိနေတာဖြစ်တယ်။ NUG ရဲ့ တာဝန်နဲ့လုပ် ပိုင်ခွင့်တွေကလည်း ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ်ထဲမှာပဲ ရှိနေတာဖြစ်တယ်၊ အဲဒါကြောင့် NUCC ရဲ့အခန်းကဏ္ဍကလည်း ချာတာအတိုင်းပဲ ဆက်ပြီးတော့ ရှိနေပါတယ်။ ဒါကတော့ ဖက်ဒရယ် ဒီမို ကရေစီ ပဋိဉာဉ်ကို ရေးဆွဲနိုင်ခဲ့ပြီးတော့ ထုတ်ပြန်ကြေညာနိုင်ခဲ့တဲ့နှစ်ပတ်လည်နေ့ဖြစ်တာပေါ့၊ ၅ နှစ်ပြည့်တဲ့နေ့မှာ ကျနော်တို့က အလားတူမေးခွန်းတွေပါ တပါတည်းဖြေရှင်းပြီးသားဖြစ်အောင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။” ဟု NUCC အဖွဲ့ဝင် ဦးနောင်ချိုက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အား ၅ နှစ်တာ ကာလအတွင်း အင်အားစုအသီးသီးမှ စုပေါင်းခေါင်း ဆောင်မှုဖြင့် အကောင် အထည်ဖော်ကြရာတွင် ထင်ရှားသော ရလဒ်များ အဖြစ် အမျိုးသားညီညွတ် ရေးအတိုင်ပင်ခံကောင်စီ (NUCC) အား ဖွဲ့စည်းခြင်း၊ ကြားကာလအတွက် ဖက်ဒရယ်ပြည်ထောင်စု ၏ ဥပဒေပြုရေးအာဏာကို ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေး ကောက်ပွဲတွင် ရွေးကောက်ခံရပြီး အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုသော ပြည်ထောင်စုအဆင့် လွှတ်တော် ကိုယ်စားလှယ်များအား အပ်နှင်းခြင်း၊ ယင်းလွှတ်တော်ကိုယ်စားလှယ်များဖြင့် ပြည် ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ဖွဲ့စည်းမှုအား အတည်ပြုခြင်း၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ ညှိနှိုင်း သဘောတူညီချက်ဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အား ဖွဲ့စည်းခြင်း၊ ပြည် နယ်/ ဖက်ဒရယ်ယူနစ်အခြေပြု နှင့် လူမျိုးအခြေပြု ကောင်စီများ အပါအဝင် ဖက်ဒရယ်ယူနစ် အစိုးရ များ ပေါ်ထွန်းလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပဋိညာဉ် အစိတ်အပိုင်း (၁) ပါ လမ်းပြမြေပုံ ပြဋ္ဌာန်းချက် အရ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ (တနည်းအားဖြင့်) ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ အ ခြေခံဥပဒေ (Articles of Federal Transitional Arrangements – AFTA) ကိုလည်း မကြာမီတွင် အပြီးသတ် ရေးဆွဲ၍ အတည်ပြုနိုင်မည်ဖြစ်ကြောင်း NUCC က ပြောဆိုထားသည်။
“တော်လှန်ရေး လိုအပ်ချက်တွေအရ အဖွဲ့အစည်းတွေ စုဖွဲ့ကြတယ်၊ စစ်ရေးလိုအပ်ချက်အရ စုဖွဲ့ကြ တယ်ဆိုတာ ရှိကြပါတယ်။ အခုလက်ရှိ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ ဆိုတာက ဒီလိုမျိုးပေါ်လာတာပေါ့၊ ဒါပေမယ့် ကျနော်တို့အနေနဲ့က ၂၀၀၈ ဖွဲ့စည်းပုံ ဖျက် သိမ်းထားပြီးဖြစ်တယ်၊ အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံကို အစားထိုးထားတဲ့ တော်လှန်ရေး ကာလရော၊ တော် လှန်ရေး အလွန်ကာလရော အတွက် ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ် အစိတ်အပိုင်း ၁ နဲ့ အစိတ်အ ပိုင်း ၂ ကို ရေးခဲ့တယ်။ အခုတော်လှန်ရေးကာလအတွက်ကတော့ အစိတ်အပိုင်း ၂ ကိုပဲ ကျင့်သုံးတာ ပေါ့၊အစိတ်အပိုင်း ၁ ကတော့ မူသဘောဆန်တဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေး အတွက် အခြေခံအချက်တွေကို သဘောတူညီ ကတိကဝတ်ပြုခဲ့တာပေါ့။ ကျနော်တို့ NUCC ရဲ့ လုပ်ငန်းတာဝန်တွေဆိုတာကလည်း ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်ထဲမှာ ပါတဲ့ ပြဌာန်းထားတဲ့ အ တိုင်း ဆောင်ရွက်ရတာပါ။ အဲလိုပဲ NUG ရဲ့ လုပ်ငန်းတာဝန်တွေကလည်း ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ်မှာ ပါတဲ့အတိုင်း ပြဌာန်းထားတဲ့အတိုင်း ဆောင်ရွက်ကြရတာဖြစ်ပါ တယ်။ အလားတူပဲ CRPH လည်း ဒီလိုသဘောပဲ။” ဟု NUCC အဖွဲ့ဝင် ဦးနောင်ချိုက ရှင်းပြသည်။
တော်လှန်ရေးအင်အားစုများ အချင်းချင်းကြား အားပြိုင်မှု၊ လွှမ်းမိုးမှု မရှိစေရေး အတွက် ချာတာ အ စိတ်အပိုင်း ၁ တွင် ပြဋ္ဌာန်းထားသော ပြည်ထောင်စု စံတန်ဖိုးတွင် ပါဝင်သည့် လူနည်းစုအခွင့်အရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စုပေါင်းခေါင်း ဆောင်မှု၊ စုံလင်ကွဲပြားမှုကို အပြန်အလှန်လေးစား အသိအမှတ်ပြုခြင်းတို့ကို အင်အားစုအသီးသီးက မည်သို့မျှ ခွဲခြားဆက်ဆံမှုမရှိဘဲ တော်လှန်ရေး၏ စံတန်ဖိုးများ အဖြစ် အလေးအနက်ပြု လိုက်နာကျင့်သုံးသွားကြရန် လိုအပ်ပါကြောင်း ဆက်လက် တိုက်တွန်းထားသည်။
“တော်လှန်ရေးအင်အားစုတွေကြားထဲမှာတော့ အားပြိုင်ကြတာတွေ၊ အားစမ်းကြတာတွေကတော့ ရှိကြမှာပဲ။ အခုလက်ရှိမှာ နယ်မြေရတဲ့သူကလည်း နယ်မြေကို အခြေခံပြီးတော့ အားပြတာပေါ့၊ တပ် ရှိတဲ့သူကလည်း တပ်ကိုအခြေခံပြီးတော့ အားပြတာပေါ့၊ အစိုးရရှိတဲ့သူကလည်း အစိုးရကို အခြေခံ ပြီးတော့ အားပြတာပေါ့၊ လူထုထောက်ခံမှုရှိတဲ့သူကလည်း လူထုထောက်ခံမှုကို အခြေခံပြီးတော့ အားပြချင်ကြတာပေါ့၊ ဒါပေမယ့် ဘယ်လိုပဲ အားပြိုင်မှုတွေပဲဖြစ်ဖြစ် ကျနော်တို့ တော်လှန်ရေးလုပ် ကြတယ်ဆိုတဲ့ဟာမှာ အားလုံးကတညီတညွတ်တည်း ကျနော်တို့ ရည်မှန်းထားတဲ့ အနာဂတ်ဖက် ဒရယ် ပြည်ထောင်စုကို သွားကြတာပဲ။ အဲဒီအချိန်မှာ အားစမ်းကြတာတွေ၊တဖွဲ့နဲ့တစ်ဖွဲ့ကြားမှာ ရှိနေတဲ့ နိုင်ငံရေး မျှော်မှန်းချက်တွေ၊ ရည်မှန်းချက်တွေ ကွဲနေတဲ့ဟာတွေ ဒါတွေအားလုံးက ကျနော် တို့မှာ ဘုံပန်းတိုင်တူတယ်၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးဆိုတာ တူတယ်။ ဖက်ဒရယ် ဒီမိုက ရေစီ ပြည်ထောင်စုတည်ဆောက်မယ်ဆိုတာ တူတယ်ဆိုရင် ကျော်လွှားဖြေရှင်းနိုင်ကြဖို့ပဲ ကျနော် တို့ကတော့ တိုက်တွန်းချင်တာပါပဲ။” ဟု NUCC အဖွဲ့ဝင် ဦးနောင်ချိုက ပြောဆိုသည်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ပူးပေါင်းပါဝင် ရေးဆွဲ အတည်ပြုခဲ့ကြပြီး ပြည်သူ့ တော်လှန်ရေး ကြီး၏ ရှေ့မှောက်တွင် အတူဝန်ခံ ကတိပြုခဲ့ကြခြင်းနှင့် သဘောတူ အတည်ပြု (ratify) ခဲ့ကြသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၏ အဖွဲ့ဝင်အဖွဲ့အစည်းများ အပါအဝင် အင် အားစု အသီးသီး အနေဖြင့် ပဋိညာဉ်၏ ပြဋ္ဌာန်းချက်များနှင့် ပေးအပ်ထားသော တာဝန်များကို တာ ဝန်ယူမှု တာဝန်ခံမှု အပြည့်ဖြင့် ကတိသစ္စာတည်ကြည်စွာ လိုက်နာကျင့်သုံးသွားကြရန် ထပ်မံ တိုက် တွန်းထားသည်။
ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်သည် ပြည်ထောင်စုအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၊ အရင်းခံ ပြ ဿနာများကို အပြီးသတ် ချုပ်ငြိမ်းစေနိုင်ရန်အတွက် လည်းကောင်း၊ တိုင်းရင်းသားပြည်သူလူထု တ ရပ်လုံး ပူးပေါင်းပါဝင်လက်တွဲနိုင်ရန်အတွက် လည်း ကောင်း၊ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးပြီး တန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုတွင် ပြည်ထောင် စုဝင်လူမျိုးများအားလုံး၊ နိုင်ငံသားများ အားလုံးလွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းတို့ ကို အခြေခံကာ အပြန်အလှန် အသိအမှတ်ပြု လေးစားမှု၊ ချစ်ကြည်ရိုင်းပင်းမှု၊ သွေးစည်းညီညွတ်မှု တို့ကို တည်ဆောက်ပြီး ငြိမ်းချမ်းစွာ အေးအတူပူအမျှ အတူတကွ ယှဥ်တွဲနေထိုင်နိုင်သော သာယာဝ ပြော သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအား တည်ဆောက်ရန် ရည်ရွယ်ခဲ့ကြောင်း သိရ သည်။
ထို့ကြောင့် စစ်အာဏာရှင် စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေး ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပြီးသတ် ဖျက်သိမ်းရေး ၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ၊ အရပ်သား ပြည်သူ့ အစိုးရ ပေါ်ထွန်းရေး ဟူသည့် လုပ်ငန်းများကိုဆောင်ရွက်သွားရန် လက်ခံ သ ဘောတူ ရေးဆွဲ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တော်လှန်ရေးအဆက်ဆက်၏ မျှော်မှန်းချက်များကို ဘုံရည်မှန်းချက်များအဖြစ် ဆက်ခံအကောင် ထည်ဖော်ရန်၊ အဖိနှိပ်ခံ ပြည်သူအသီးသီးတို့၏ နစ်နာဆုံးရှုံးမှုများအတွက် တရားမျှတမှုရှာဖွေရန် နှင့် အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် တည်ရှိနေသော မတရားမှုများကို ဖြိုချရန် ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေး ဆင်နွှဲရာတွင် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်သည် မိမိတို့၏ အသက်သွေးကြောပင် ဖြစ်သည်ဟု ဆိုသည်။
ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်တွင် အစိတ်အပိုင်း ၂ ရပ်ပါဝင်ပြီး အစိတ်အပိုင်း ၁ သည် ပြည်ထောင် စု မျှော်ရည်ချက်နှင့် စံတန်ဖိုးများ၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန် အခြေခံမူများ၊ အခြေခံမူဝါဒများ၊ အကောင် အထည်ဖော်မည့် လုပ်ငန်းစဥ် (သို့မဟုတ်) နိုင် ငံရေးလမ်းပြမြေပုံတို့ကို တိကျ ရှင်းလင်းစွာ ဖော်ပြထားပြီး “ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ကြေညာစာတမ်း” အဖြစ် ဝန်ခံကတိပြုထားကြောင်း သိရသည်။
အစိတ်အပိုင်း ၂ သည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကြေညာစာတမ်းပါ ဦးတည်ချက်၊ ရည် ရွယ်ချက်များကို လက်တွေ့အကောင်အထည်ဖော်ရန်နှင့် ရှေ့ဆက် သွားမည့် နိုင်ငံရေးလမ်းပြ မြေပုံ အဆင့်ဆင့်အား လက်တွေ့အကောင်အထည်ဖော်ခြင်းဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန် အလို့ငှာ ကြားကာလတွင် အခြေခံရမည့် “ကြားကာလဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ အစီအမံများ – Interim Constitutional Arrangements” အဖြစ် သဘောတူ အတည်ပြု (ratify) ထားကြောင်း သိရသည်။





