ရန်ကုန်၊ ဧပြီ ၁
မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ဆက်ကြေးကောက်ခံရန် ထွက်လာသော စစ်တပ်ကိုတိုက် ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦး သေဆုံးပြီး လက်ပစ်ဗုံး၊ ဖုန်းနှင့် ငွေကြေးများ သိမ်းဆည်းရမိခဲ့ကြောင်း ဒေါင်းညီနောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁ ရက်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင် စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းမှ ဆိုင်ကယ် ၃ စီးဖြင့် ထွက်လာသော စစ်သားနှင့် ရဲများသည် စလင်း-ကံပြား လမ်းပိုင်း၌ ပြည်သူပိုင်ကားများထံမှ ဆက်ကြေးကောက်ရန် ထွက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက တက်တူးတာမံအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ဘက်မှ ရဲ ၁ ဦး နေရာတင် ပွဲချင်းပြီးသေဆုံးကာ ဒဏ်ရာရရှိသော စစ်သား ၂ ဦးကို စလင်းမြို့ ဆေးရုံသို့ ပို့ဆောင်စဉ် ၂ ဦးလုံး ထပ်မံသေဆုံးခဲ့ကြောင်း၊ ထို့ပြင် လက်ပစ်ဗုံး ၂ လုံး၊ ဖုန်း ၂ လုံး၊ အိတ် ၁ လုံးနှင့် ပြည်သူများထံမှ အတင်းအဓမ္မ ကောက်ယူထားသော ငွေကျပ် ၅၈၀၀၀ ကျပ်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“စစ်ခွေး သေဆုံးတာ စုစုပေါင်း ၃ ဦး သေဆုံးခဲ့တာပါ။ လင်းဇင်းတိုက်နယ် ရဲစခန်းကနေ ထွက်လာတဲ့ စစ်ခွေးနဲ့ ရဲခွေးတွေ ဆိုင်ကယ်သုံးစီးနဲ့ ထွက်လာတဲ့ အချိန်ကို စောင့်ကြို တိုက်ခိုက်ခဲ့တာပါ။ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ပြည်သူလူထုလိုလား တောင်းတတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်ရေးတို့အတွက် ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့အနေနဲ့ အဆုံးထိ တိုက်ပွဲ၀င်သွားမယ်။ ပြည်သူများအနေနဲ့လည်း စစ်ခွေး၊ ရဲခွေးတွေနဲ့ နီးစပ်တဲ့နေရာတွေမှာ မနေကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့ပေးကြဖို့ သွေးမအေးကြဖို့ ပြောချင်ပါတယ်” ဟု ဒေါင်းညီနောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ဒေါင်းညီနောင်ပြောက်ကျားတပ်ဖွဲ့အနေဖြင့် ရှေ့ဆက်၍ ပြောက်ကျားစစ်ဆင်ရေးများကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် သတင်းများကို အစဉ်တစိုက်ကြည့်ရှုကာ ပူးပေါင်း လိုက်နာဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံကြောင်း နှိုးဆော်ထားသည်။






