ရန်ကုန်၊ ဧပြီ ၁
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထိခိုက်ဒဏ်ရာရပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ပခုက္ကူခရိုင်စစ်ဌာန အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဧပြီလ ၁ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် ပခုက္ကူမြို့နယ်၊ ငွေသောင်ရွာ စာသင်ကျောင်းအနီး စစ်ကြောင်းထိုး ရောက်ရှိလာသော အင်အား ၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာရ စစ်သားများကို သယ်ထုတ်ပြီး ချမ်းသာကြီးရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ထို စစ်ကြောင်းကို ပခုက္ကူခရိုင် တပ်ခွဲ ၁ မှ တော်လှန်ရေး ရဲဘော်များက လိုက်လံ တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရှိရသည်။
“ခရိုင်စစ်ကြောင်း တပ်ခွဲ ၁ က စစ်ခွေးတွေကို ဆက်လက်တိုက်ခိုက်နေပါသေးတယ်။ စစ်ခွေး ၅ ဦးက ထိခိုက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ စစ်ခွေးတွေကို ပြန်ပြီး သယ်ထုတ်သွားတာ ဒရုန်းဗီဒီယိုဖိုင်မှာ မြင်ရပါတယ်” ဟု ပခုက္ကူခရိုင်စစ်ဌာနအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ် (၈)တပ်ရင်း နှင့် နယ်မြေ(၁) ဒရုန်း အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။




