ရန်ကုန်၊ ဧပြီ ၁
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ဖာပွန်ခရိုင် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း Karen Peace Support Network က ထုတ်ပြန်ထားသည်။
မတ်လ ၃၁ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ မောဖထောကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အသက် ၃၃ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက်အရွယ်မသိရသေးသော အမျိုးသမီး ၁ ဦး တို့ သေဆုံးခဲ့ပြီး လူနေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
မတ်လ ၂၆ ရက်နေ့တွင် ဖာပွန်ခရိုင်ခရိုင်၊ ဒွဲလိုးမြို့နယ်ရှိ သရောပူ၊ မယ်စီခီး နှင့် ဝါသိုးခို ကျေးရွာများအတွင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ သရောပူကျေးရွာမှ အသက် ၃၃ နှစ်အရွယ် မိခင်ဖြစ်သူနှင့် အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူတို့တွင် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
မတ်လ ၂၇ ရက်နေ့တွင်လည်း ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ ဒေးဘူနိုကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က ပေါင် ၂၅၀ ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် မတ်လ ၂၉ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်၊ မာလာကုန်းကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ရာ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ၊ ဇီးပြားကျေးရွာ အနီးကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၃၁ ရက်နေ့ ညနေပိုင်းတွင် တံတားဦးလေတပ်မှတက်လာသော ဂျက်ဖိုက်တာ ၂ စီးက ဂန့်ဂေါမြို့နယ်၊ ဇီးပြားကျေးရွာ အနီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် ဇီးပြားကျေးရွာနေ ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ၂ ကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ဇီးပြားကျေးရွာနေ ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ကလေးငယ် ၁ ဦးက အသက်အရွယ် အမည်ကို မသိရသေးဘူး ကျွန်တော်တို့ ဆက်လက်စုံစမ်းဆဲပါ”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။






