ရန်ကုန်၊ ဧပြီ ၂
အကြမ်းဖက် မင်းအောင်လှိုင်၊ ညိုစောနှင့် နန်းနီနီအေးတို့က သမ္မတ အရည်အချင်းသတ်မှတ်ချက်နှင့်ပြည့်စုံဟုဆိုကာ ဧပြီလ ၃ ရက်နေ့တွင် သမ္မတ ရွေးချယ်မည်ဟု အကြမ်းဖက် လွှတ်တော်က ယနေ့ ကြေညာသည်။
ကြံ့ဖွတ်ပါတီက ကြီးစိုးထားသော အကြမ်းဖက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က မင်းအောင်လှိုင်ကို ဒုတိယသမ္မတအဖြစ်လည်းကောင်း၊ အကြမ်းဖက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က နန်းနီနီအေးကို ဒုတိယသမ္မတအဖြစ်လည်းကောင်း၊ အကြမ်းဖက်စစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့က ညိုစောကို ဒုတိယသမ္မတအဖြစ်လည်းကောင်း အသီးသီး ရွေးချယ်ခဲ့ကြပြီးနောက် ယနေ့တွင် အကြမ်းဖက် ဒုသမ္မတ ၃ ဦးလုံးသည် သမ္မတ အရည်အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီသည်ဟု အောင်လင်းဒွေးက ကြေညာခဲ့သည်။
ယင်းနောက် ဧပြီလ ၃ ရက်နေ့တွင် အကြမ်းဖက် လွှတ်တော်က သမ္မတ ရွေးချယ်ပွဲ ပြုလုပ်မည်ဖြစ်ပြီး ယင်းရွေးချယ်ပွဲတွင် မင်းအောင်လှိုင်ကို သမ္မတ အဖြစ် တင်မြှောက်ကြမည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
“ဦးမင်းအောင်လှိုင်ကို သမ္မတ ရွေးချယ်ပွဲ မနက်ဖြန် အမတ်တွေအားလုံး မပျက်မကွက်တက် ဖို့ စည်း/ကော်က (ကြံ့ဖွတ်ပါတီ စည်းကမ်းထိန်းသိမ်းရေးကော်မတီ)မှာပါတယ်။ မနက် ဖြန် ၁၀ နာရီ လွှတ်တော်စမယ်” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်သည် စစ်ဦးစီးချုပ်ရာထူးမှ အနားယူထားသော်လည်း လက်ရှိအချိန်အထိ ဗိုလ်ချုပ်မှူးကြီးရာထူးဖြင့် စစ်ကော်မရှင်အစည်းအဝေးများကို ဆက်လက် ကျင်းပနေဆဲဖြစ်သည်။




