28 C
Yangon

မင်းအောင်လှိုင်နှင့် မြန်မာစစ်တပ်ကို ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုဖြင့် အင်ဒိုနီးရှားတွင် ဧပြီလ ၆ ရက်နေ့ သက်သေအထောက် အထားများနှင့်တကွ အမှုဖွင့်တိုင်ကြားမည်

Must read

ရန်ကုန်၊ ဧပြီ ၂

မြန်မာစစ်အာဏာရှင် အကြမ်းဖက် မင်းအောင်လှိုင်နှင့် မျိုးတုံးသတ်ဖြတ်မှုတွင် တိုက်ရိုက်ပါဝင်ခဲ့သည့် ခြေလျင်တပ်မများကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ ရှေ့နေချုပ်ရုံးထံတွင် လာမည့် ဧပြီလ ၆ ရက် (တနင်္လာနေ့) တွင် ရာဇဝတ်မှုဖြင့် အမှုဖွင့်တိုင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုကို ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုအတွင်းမှ အသက်ဘေးလွတ်မြောက်လာသူ Yasmin Ullah နှင့်အတူ အင်ဒိုနီးရှားနိုင်ငံမှ ထင်ရှားသည့် လူပုဂ္ဂိုလ် ၁၀ ဦးတို့က ပူးပေါင်းတိုင်ကြားမည်ဖြစ်ပြီး ယင်းအမှုအတွက် Rohingya Maiyafuinor Collaborative Network၊ THEMIS Indonesia၊ MAP (Myanmar Accountability Project)တို့ကလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

မင်းအောင်လှိုင်ကို အမှုဖွင့်မည့် လူပုဂ္ဂိုလ်များထဲတွင် အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း Marzuki Darusman နှင့် အင်ဒိုနီးရှား၏ အကြီးဆုံး မွတ်စလင်ပရဟိတအဖွဲ့ဖြစ်သော Muhammadiyah ၏ ဥက္ကဋ္ဌ Busyro Muqoddas တို့လည်း ပါဝင်ကြသည်။

မင်းအောင်လှိုင်ကို တိုင်ကြားသည့် အမှုဖွင့်တိုင်ကြားလွှာတွင် မျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိသည့် သီးသန့်ခြေလျင်တပ်မ (Light Infantry Divisions) များကို အမည်တပ်ဖော်ပြထားပြီး၊ မျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သော အထောက်အထားများလည်း ပါဝင်သည်။

ထို့ပြင် အမိန့်ပေးစေခိုင်းမှုနှင့် တာဝန်ရှိမှုတို့အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တွင် တိုက်ရိုက်တာဝန်ရှိကြောင်း အသေးစိတ် ဖော်ပြထားသည်။

အဆိုပါ အမှုဖွင့်တိုင်ကြားခြင်းကို ဧပြီလ ၆ ရက်နေ့ တနင်္လာနေ့ နံနက် ၁၀ နာရီအချိန် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ ရှေ့နေချုပ်ရုံး၌ ပြုလုပ်သွားမည်ဖြစ်ပြီး ဧပြီလ ၆ ရက်နေ့ ညနေ ၄ နာရီတွင် သတင်းစာရှင်းလင်းပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါအမှုမှာ မြန်မာစစ်ခေါင်းဆောင် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် နိုင်ငံ တကာတွင် တာဝန်ခံမှုရှိလာစေရန် လုပ်ဆောင်သည့် အရေးကြီးသော ခြေလှမ်းတစ်ခု ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Photo- Agency ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article